သက်ငယ်မုဒိန်းမှုနှင့်ဆက်စပ်၍ ထွက်ပေါ်နေသည့် သတင်းမှားများ

By JC(မဇ္ဈိမ)
12 May 2023
သက်ငယ်မုဒိန်းမှုနှင့်ဆက်စပ်၍ ထွက်ပေါ်နေသည့် သတင်းမှားများ

သက်ငယ်မုဒိန်းမှုအား ဖြေရှင်းမပေးဘဲ ဖုံးကွယ်ရန်ကြံစည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့အား ဆန္ဒပြနေကြသည်ဟု ပြုပြင်ထားသည့်ဓာတ်ပုံဖြင့် ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

"NUG မုဒိန်းမှု NLD မုဒိန်းမှုများကို တော်လှန်ရေးသပိတ်၊ ယင်းမာပင်မြို့နယ်မှာ ပြနေကြပြီ။ PDF မုဒိန်း မတရားဥပဒေများကို တော်လှန်ဖို့ သပိတ်၊ ယင်းမာပင်မြို့နယ်မှာ ပြနေကြပြီ" ဟုရေးသားထားပြီး ဆန္ဒပြနေသည့် ပုံတစ်ပုံနှင့် အတူ  “Truth Media” တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသည်။ 
ထိုအကြောင်းကို အခြားတယ်လီဂရမ်ချန်ခုနစ်ခုတွင်လည်းဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၀,၀၀ နီးပါး ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ဖြန့်ဝေလျက်ရှိသည်။

မဇ္ဈိမ၏ သတင်းချက်အလက်စစ်ဆေးသူများမှ အဆိုပါဓာတ်ပုံအား အချက်အလက်စိစစ်ခဲ့ရာတွင် ပြုပြင်ထားသည့် ဓာတ်ပုံဖြစ်ကြောင်း တွေ့ရသည်။
သတင်းတုတွင် အသုံးပြုထားသည့်ဓာတ်ပုံသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်း၌ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေကြသည့် သပိတ်စစ်ကြောင်းဓာတ်ပုံဖြစ်သည်။ 
ထိုအကြောင်းကို Khith Media နှင့် Detal News Agency တို့တွင် ဖော်ပြထားကြသည်။
Khit Thit Media - https://ln.run/xb9Ds
Delta News Agency -  https://ln.run/UM2oT

မီဒီယာများမှ ဖော်ပြထားသည့်ဓာတ်ပုံတွင် “မတရားမှုဟာ ဥပဒေဆိုရင် တော်လှန်ခြင်းဟာ ဝတ္တရားပဲ” ဟူသည့်စာသားသာပါဝင်ပြီး သတင်းမှားတွင်မူ အဆိုပါ စာနှစ်ကြောင်းအောက်၌ “NUG,NLD မုဒိန်းမှု” ဟု ထပ်ပေါင်းပြုပြင်ကာ ဖြန့်ဝေထားခြင်း ဖြစ်သည်။

အလားတူပင် သက်ငယ်မုဒိန်းမှုနှင့် ပတ်သက်၍ “Ko Thet” တယ်လီဂရမ်ချန်နယ်တွင် “သက်ငယ်မုဒိန်းမှုဖြစ်စဉ်အား အမှုပိတ်သိမ်းကြောင်း NUG ပြောကြား” ဟု မေလ ၉ ရက်နေ့တွင် ဖြန့်ဝေထားသေးသည်။ ထိုအကြောင်းကို အခြားချန်နယ် ခြောက်ခုတွင်ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိနေသည်။ ထို့ပြင် ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ပြန်လည်ကူးယူကာ ထပ်ဆင့်ဖြန့်ဝေနကြသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စုပေါင်းနေအိမ်တစ်ခုတွင် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အခန်းကပ်ရက်နေထိုင်သူ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွင်းရေးမှူး ဦးအောင်မင်းက မုဒိန်းမှုကျူးလွန်ခဲ့ကြောင်း NUG အစိုးရထံသို့ တိုင်ကြားထားသည်။

အဆိုပါအမှုကို ပိတ်သိမ်းခြင်းမရှိဘဲ အမှုမှန်ပေါပေါက်ရေးအတွက် အမှုတည်ဆောက်ကာ အထူးတရားရုံးတွင် တရားစီရင်နိုင်ရန်စီစဉ်နေပြီး ကျူးလွန်သူဟုစွပ်စွဲခံရသူအား ဝရမ်းထုတ်ဖမ်းဆီးနိုင်ရန်လည်း စီစဉ်လျက်ရှိ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now သတင်းဌာနသို့ ပြောကြာားထားသည်။
လင့် - https://ln.run/kdeEc

အဆိုပါ သက်ငယ်မုဒိန်းမှုအား မည်သည့်အခြေအနေတွင်ဖြစ်စေ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာ အရှိန်အဝါ လွှမ်းမိုးခြင်းမရှိဘဲ တရားမျှတစွာ အမှုမှန်ဖော်ထုတ်ကာ စီရင်ချက်ချ ဖြေရှင်းပေးရန် ကျောင်းသားသမဂ္ဂများနှင့် တော်လှန်ရေးအင်အားစုများမှလည်း တိုက်တွန်းထားကြသည်။

ထို့ကြောင့် သက်ငယ်မုဒိန်းမှုများကို ဖြေရှင်းမပေးဘဲ ဖုံးကွယ်ရန်ကြံစည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့အား ဆန္ဒပြနေကြသည်ဆိုသော ဓာတ်ပုံမှာ ယင်းမာပင်မြောက်ခြမ်းမှ စစ်အာဏာရှင်စနစ်အား ဆန္ဒပြနေသည့်ဓာတ်ပုံကိုပြုပြင်ကာ ဖြန့်ဝေထားခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှုဖြစ်စဉ်အား NUG မှ အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက်ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly