အိန္ဒိယ၊ မဏိပူရ်ပြည်နယ် လူမျိုးစုပဋိပက္ခကြောင့် ကသည်းလူမျိုးစုဝင် ၃၀၀ ကျော် မြန်မာဘက် ဝင်ရောက်ခိုလှုံ

အိန္ဒိယ၊ မဏိပူရ်ပြည်နယ် လူမျိုးစုပဋိပက္ခကြောင့် ကသည်းလူမျိုးစုဝင် ၃၀၀ ကျော် မြန်မာဘက် ဝင်ရောက်ခိုလှုံ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားသော လူမျိုးစု ပဋိပက္ခကြောင့် နယ်စပ်မြို့ မိုရေးတွင် နေထိုင်သော မဏိပူရီ (ခေါ်) မေထေး (ကသည်း) လူမျိုးစုဝင် ၃၀၀ ကျော်သည် အိမ်နီးချင်း မြန်မာနိုင်ငံထဲ ဝင်ရောက်ခိုလှုံလာသည်ဟု The Times of India သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီး ပဋိပက္ခဒဏ်သင့် မြန်မာဘက်မှ ထွက်ပြေးလာသော မြန်မာရွှေ့ပြောင်းဝင်ရောက်လာသူ ၅၀၀ ခန့်ကို မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အင်န် ဘီရန် ဆင်းဂ် အစိုးရက အင်ဖာမြို့တွင် ခိုလှုံခွင့် ပေးထားခဲ့ချိန် ယခုကဲ့သို့ မေထေး လူမျိုးစုဝင်များ မြန်မာဘက် ဝင်ရောက်ခိုလှုံမှုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“လက်ရှိအချိန်အထိတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် မိုရေးမြို့က မေထေး (Meitei) ဒေသခံ ၃၀၀ ကျော်လောက်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့ကြပါတယ်။ 

ကျွန်တော် ကိုယ်တိုင်အပါအဝင် အများစုကတော့ လက်ရှိမှာ အမှတ် ၅ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကမ့်စခန်းမှာ ခိုလှုံနေကြပါတယ်” ဟု မိုရေး ဒေသခံတစ်ဦးဖြစ်သည့် အယ်လ် မိုင်ပက်ခ်က ပြောသည်။

“သူတို့ (ကသည်းလူမျိုးစုဝင်များ) တွေ မြန်မာနိုင်ငံထဲက ဘေးကင်းတဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ကျွန်တော်တို့ သတင်းတွေ ရထားတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ကံကြမ္မာအတွက် စိုးရိမ်ပူပန်မိနေဆဲပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဘေးကင်းစွာ ရှိစေရေးလုပ်ဆောင်ပေးရန်နှင့် အခြေအနေ ပြန်လည်တည်ငြိမ်ချိန်မှာသာလျှင် မဏိပူရ်သို့ ပြန်ပို့ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များကို ၎င်းက ပန်ကြားသည်။

မဏိပူရ်ပြည်နယ်နှင့် မြန်မာအကြား အရှည် ၃၉၀ ကီလိုမီတာရှိ စိမ့်ဝင်နိုင်သော နယ်စပ်တစ်ခု ထိစပ်နေပြီး မိုရေးနယ်မြေတစ်လျှောက် အရှည် ၁၀ ကီလိုမီတာရှိ ခြံစည်းရိုးတစ်ခုကိုလည်း တည်ဆောက်လျက် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly