ကျုံပျော်မြို့ပေါ်  ဗုံးပေါက်ကွဲမှု မြို့နယ်ရဲမှူးနှင့် ရဲအုပ်ပြင်းထန်ဒဏ်ရာရဟုဆို

By မင်းထက်(မဇ္စျိမ)
07 May 2023
ကျုံပျော်မြို့ပေါ်  ဗုံးပေါက်ကွဲမှု မြို့နယ်ရဲမှူးနှင့် ရဲအုပ်ပြင်းထန်ဒဏ်ရာရဟုဆို
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့ပြီး မြို့နယ်ရဲမှူးနှင့် ရဲအုပ်တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်းရရှိသည်။

အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က  ဗုံးပေါက်ကွဲခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူး‌ကျော်မိုး ဦး‌ဆောင်သည့်အဖွဲ့က လာရောက်စစ်ဆေးစဉ် ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးနေစဥ် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က  ဗုံးနှစ်လုံးထပ်မံဖောက်ခွဲခဲ့သည့်အတွက် မြို့နယ်ရဲမှူးကျော်မိုးနှင့် ရဲအုပ်ကိုကိုလင်းတို့ဒဏ်ရာရသွားသည်ဟု ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"ရဲမှူးကသတိလစ်၊ဒဏ်ရာပြင်းထန်ပြီး သေနိုင်တယ်။ဒုရဲအုပ်လည်း ဒဏ်ရာပြင်းတယ်။ကျွန်တော်တို့လည်းစုံစမ်းနေတုန်းပါ။ အဖွဲ့တွေအားလုံးဘေးကင်းပါတယ်"ဟု ၎င်းကဆိုသည်။

ရဲမှူးကျော်မိုးနှင့် ရဲအုပ်ကိုကိုလင်းတို့ကို စစ်ကောင် စီတပ်များနှင့်ရဲများက ကျုံပျော်ဆေးရုံသို့ခေါ်ဆောင်သွားကြပြီး ထိုမှတဆင့် ရန်ကုန်သို့ခေါ်ဆောင်သွားကြောင်းဒေသခံများကပြောသည်။

"စဖြစ်ဖြစ်ချင်းတော့ ကျုံပျော်ဆေးရုံကို ခေါ်သွားကြတယ် ။အခုတော့ ဒဏ်ရာပြင်းလို့ထင်တယ်။ ရန်ကုန်ဆေးရုံကို ခေါ်သွားကြပြီလို့ သိရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကျုံပျော်မြို့အဝင်အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်ဟု ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းတွင် ယမန်နေ့ မေလ ၆ရက်ကလည်း 
ဘိုကလေးမြို့မ ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။ဘိုကလေးမြို့မရဲစခန်းအား  နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bogalay Dolphin People's Defence Force က သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့တွင်  စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly