ဘိုကလေးမြို့နယ်တွင် တဲထိုးပြီးကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ပစ်သတ်ခံရ

By မင်းထက်(မဇ္စျိမ)
05 May 2023
ဘိုကလေးမြို့နယ်တွင် တဲထိုးပြီးကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗျဲကြီးကျေးရွာအုပ်စု ၊ ပဒဲကောကျေးရွာတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ မေလ ၄ ရက်၊ ည ၇ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပဒဲကောကျေးရွာရှိ ချောင်းဘေးတွင် တဲထိုးကာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အား အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ တပ်ကြပ်ကြီး အေးမြင့်ဖြစ်သည်ဟု သိရပြီး လာရောက်ပစ်ခတ်သည့် အမည်မသိအဖွဲ့များ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

"အဲ့ဒီကင်းတဲမှာ အရပ်ဝတ်နဲ့ စစ်သားတစ်ယောက်ပဲ ရှိနေတဲ့အချိန် ဝင်ပစ်သွားတာပါ။ ပွဲချင်းပြီးသေတယ်လို့ သိရပါတယ်။ သေတဲ့စစ်သားရဲ့ သေနတ်ကိုလည်း လာပစ်တဲ့သူတွေက ယူသွားတယ်ဗျ၊ အဲ့ဒီ စစ်သားက ကဒုံကနိရေတပ်ကလား ၊ခမရ (၅၃၄) ကလားတော့ မသိရသေးဘူး"ဟု ဒေသခံက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ပစ်သတ်ခံရပြီး ညပိုင်းနှင့် ယနေ့ မနက်ပိုင်းတွင် ပဒဲကောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများ ဝင်ထွက်သွားလာနေသည့် အခြေအနေများရှိနေကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly