ပဲခူးရိုးမပေါ်မှ PDF တပ်ခွဲစခန်းတစ်ခုစီးနင်းခံရ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ

By ရွှေနွယ်( မဇ္ဈိမ )
05 May 2023
ပဲခူးရိုးမပေါ်မှ PDF တပ်ခွဲစခန်းတစ်ခုစီးနင်းခံရ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ စခန်းတစ်ခုကို ယနေ့ မေလ ၅ရက် နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားသည်ဟု သတင်းရရှိသည်။

ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့ ၏စခန်းကို ယနေ့ နံနက် ၈ နာရီခန့်တွင်  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။

" တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ အစီးခံရတယ်ဆိုတာဟုတ်တယ်။ ဘာမှပါမသွားဘူး။ လူလည်းပါမသွားဘူး။ အားလုံးဘေးကင်းပါတယ်” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီက အဆိုပါ စခန်းကို စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။

ဒေသခံတစ်ဦးကလည်း " ဒီမနက်မှာ PDF စခန်းကို စကစတပ်က အလစ်ဝင်ပြီးမီးရှို့သွားတာပါ။လက်ရှိမှာတော့ ဘန့်ဘွေးကန်ရွာမှာရှိနေတယ်။ ဘယ်ကို ဆက်သွားမလဲမသိသေးဘူး” ဟု ဆိုသည်။ 

တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့သည် ပြည်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေသော တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ထောက်တိုင်များအား တိုက်ခိုက်ရေးမစ်ရှင်များကို  အဓိကလုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ပေါင်းတည်သင်္ကြန်မဏ္ဍပ်ဖောက်ခွဲရေးမစ်ရှင်၊ လူငယ်များအား ပျူစောထီးသင်တန်းတက်ရောက်ရန်စည်းရုံးပို့ဆောင်ပေးနေသည့် သခွတ်စောက်ရွာ အုပ်ချုပ်ရေးမှူးပျူစောထီးခေါင်းဆောင် ဦးထွန်းထွန်းဦးအားပစ်ခတ်သည့်မစ်ရှင်နှင့်  စစ်ကောင်စီတပ်မှ စစ်ဗိုလ်တစ်ဦး၏ ဖခင်ဖြစ်သော သဖန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးအေးနိုင်အားပစ်ခတ်ခဲ့သည့်မစ်ရှင်များ လုပ်ဆောင်ခဲ့သည်။ဦးထွန်းထွန်းဦးနှင့်ဦးအေးနိုင်တို့နှစ်ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။
ယခုအခါ စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး အင်အားတိုးချဲ့နေသည်ကို ‌တွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညနေပိုင်းက ပဲခူးရိုးမနှင့်ထိစပ်နေသော  အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာ စခန်းကုန်းသို့ စစ်ကောင်စီတပ်က  စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်လာရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားသုံးဦးထက်မနည်းသေဆုံးကြောင်း သိရသည်။

ပဲခူးရိုးမအနီးတဝိုက်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများပြင်းထန်လာနိုင်၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုနေထိုင်ကြရန် ပဲခူးတိုင်း‌စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက သတိပေးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required