တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်တွင်  NUG နှင့်ပတ်သက်ပြီး ပြောဆိုသွားခြင်း မရှိ

By ဂျူချန်း (မဇ္ဈိမ)
04 May 2023
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်တွင်  NUG နှင့်ပတ်သက်ပြီး ပြောဆိုသွားခြင်း မရှိ

တရုတ်အစိုးရအနေဖြင့် တရားဝင်အစိုးရများနှင့်သာဆက်ဆံပြီး NUG နှင့် ဘယ်သောအခါမှ ဆက်ဆံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမှပြောကြားခဲ့သည်ဆိုသော သတင်းမှား ပျံ့နှံ့နေ သည်။

“Ko Thet” အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးပုံနောက်ခံဖြင့် “NUG နဲ့ မတွေ့လို့ စိတ်မကောင်းဖြစ်စရာမလိုကြောင်း.. မိမိတို့ တရုတ်အစိုးရသည် တရားဝင်အစိုးရများနှင့်သာ ဆက်ဆံကြောင်း၊ UG အဖွဲ့နှင့် ဘယ်သောအခါမှ တွေ့ဆုံဆက်ဆံလိမ့်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက Xinhua သတင်းတွင် အတိအလင်းဖော်ပြ” ဟု ရေးသားထားသည့်ကို မေလ ၃ ရက် နေ့တွင် စတင်ဖြန့်ဝေထားသည်။ 
ထိုပုံကို တယ်လီဂရမ်ချန်နယ် ကိုးခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၄၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။ ထို့ပြင် Tiktok နှင့် Facebook တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာအား အချက်အလက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မြန်မာပြည်ခရီးစဉ်အတွင်း အဆိုပါဖော်ပြချက်နှင့်သက်ဆိုင်သည့် အသုံးအနှုန်းမျိုး ပြောဆိုခဲ့ ခြင်းမရှိကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်း ဆွေတို့နှင့် မေလ ၂ ရက်နေ့က တွေ့ဆုံခဲ့သည်။ 
အဆိုပါတွေ့ဆုံမှုတွင် တရုတ်-မြန်မာချစ်ကြည်ရေးကို အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံအခြေ အနေတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးကို မျှော်လင့်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ထောက်ခံကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေး စီမံကိန်းများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ထိုအကြောင်းကို ဆင်ဟွာ သတင်းဌာနတွင် မြန်မာဘာသာဖြင့် မေလ ၃ ရက်နေ့တွင် ဖော်ပြထားသည်။ 
လင့် - t.ly/WgrHy
သတင်းတုတွင် ဖော်ပြသကဲ့သို့ NUG နှင့် မည်သည့်အခါမျှ တွေ့ဆုံဆက်ဆံမည်မဟုတ်ဆိုသည့်စကား အပြင် အခြား NUG နှင့်သက်ဆိုင်သည့် စကားအသုံးအနှုန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးမှပြောဆိုခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံမှုအား သတင်းဌာနအသီးသီးတွင်ဖော်ပြ ခဲ့ကြသော်လည်း သတင်းမှားတွင်ဆိုထားသကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းမှ NUG နှင့် တွေ့ ဆုံမည်/မတွေ့ဆုံလိုဟု ဖော်ပြထားခြင်းမရှိပေ။
လင့် - t.ly/sLy-8

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ မေလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေးအခြေ အနေ များကိုပြောဆိုခဲ့သော်လည်း တရုတ်နိုင်ငံအနေဖြင့် NUG နှင့် မတွေ့ဆုံရန် ပြောဆိုထားခြင်း မရှိပေ။  ထို အကြောင်းကို ဆင်ဟွာသတင်းဌာနတွင် မေလ ၂ ရက်နေ့က သတင်းဖော်ပြထားသည်။ 
လင့် - t.ly/seRX

စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာကလည်း မေလ ၃ ရက်နေ့တွင် စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းနှင့် တွေ့ဆုံသည့်အကြောင်းကို သတင်းဖော်ပြထားသည်။ ထိုထဲတွင် NUG နှင့်ပတ်သက်သည့် အကြောင်းအရာအား ဖော်ပြထားခြင်းမရှိပေ။ 

ပြီးခဲ့သော ဧပြီလအတွင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်စဉ် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည်။ ထိုစဉ်ကလည်း မစ္စတာဘန်ကီမွန်း ပြော ဆိုခဲ့ခြင်းမရှိသည့်စကားများကို လုပ်ကြံဖန်တီးက သတင်းမှားအဖြစ် ပျံ့နှံ့ခဲ့သေးသည်။ ထိုအကြောင်းကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ပြီးဖြစ်သည်။ 
လင့် - t.ly/ZYufN

ထို့ကြောင့် “NUG နဲ့မတွေ့လို့ စိတ်မကောင်းဖြစ်စရာမလိုကြောင်း.. မိမိတို့ တရုတ်အစိုးရသည် တရားဝင် အစိုးရများနှင့်သာဆက်ဆံကြောင်း၊ UG အဖွဲ့နှင့်ဘယ်သောအခါမှ တွေ့ဆုံဆက်ဆံလိမ့်မည်မဟုတ်” ဟူ သည့်စကားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းပြောဆိုခဲ့ခြင်းမရှိဘဲ စစ်ကောင်စီလော်ဘီများဖြန့်ဝေ သော သတင်းအမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly