နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးခံရသည်မှာ သတင်းမှားသာဖြစ်

By ဂျူချန်း (မဇ္ဈိမ)
03 May 2023
နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးခံရသည်မှာ သတင်းမှားသာဖြစ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာရှိ စစ်ကောင်စီတပ်သားများအား သင်္ကန်း ဝတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့မှရဲဘော်များ ဖမ်းဆီးခံရ သည်ဟူသောသတင်း ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

“Min Aung Htoo”အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက “ပို့တက်လာထဲကမိမယ်ဆိုဒါသိနေတာ ဒါမျိုးဆိုရင်း ထိထိမိမိကိုလိုက်တာ” (မူရင်းအရေးအသားအတိုင်း) ဆိုသည့် ခေါင်းစဉ်ဖြင့် “ဘုန်းကြီးတု အယောင်ဆောင်ပြီး လိုက်သတ်နေတဲ့အဖွဲ့တွေမိပြီ။ မတ္တရာနတ်ဆိုးအဖွဲ့ဖြစ်တယ်လို့ သိရ” ဟူသည့် စာသားနှင့်အတူ ဓာတ်ပုံသုံးပုံအား ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ဝေထားသည်။ အဆိုပါပိုစ့်အား ပြန်လည်မျှ ဝေထားသူ ၂၈၃ ဦးရှိပြီး အခြားအကောင့်များမှပြန်လည်ကူးယူဖော်ပြနေရာ တဆင့်မျှဝေမှုများလည်း ရှိသည်။

မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာတွင် “နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့” မှ ရဲဘော်များ ဖမ်းဆီးခံရသည်မှာ မဟုတ်မမှန်ကြောင်း တွေ့ရသည်။

သတင်းတွင်ဖော်ပြထားသည့် ဓာတ်ပုံသုံးပုံမှာ နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်ပုံ များမဟုတ်ဘဲ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် အိမ်ခြေ ၁၇၀ အတွက် နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ စားသောက်ကုန်များသွား ရောက်ထောက်ပံ့ခဲ့စဉ်က  ဓာတ်ပုံများအား အသုံးပြုထားခြင်းဖြစ်သည်။ 
လင့် - t.ly/r55at

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံဗိုလ်နတ်ဆိုးအား မဇ္ဈိမမှမေးမြန်းခဲ့ရာတွင် ရဲဘော် များ ဖမ်းဆီးခံရခြင်းမရှိကြောင်းနှင့် အားလုံးလုံခြုံသည့်နေရာတွင်ရှိကြောင်း အသံဖြင့် ပြန်လည်ဖြေကြား ထားသည်။
“ရဲဘော်တွေဖမ်းဆီးခံရတာ မရှိဘူးဗျ။ အားလုံး လုံခြုံတဲ့နေရာမှာရှိနေပါတယ်။ အဲ့ကိစ္စ(ရဲဘော်များ ဖမ်းဆီးခံရခြင်း)နဲ့ပတ်သက်ပြီးတော့တော့ ခဏခဏလာပြီးမေးနေကြတယ်။ ထွေထွေထူးထူးတော့ ဘာမှ ပြောစရာမရှိပါဘူး။ ရူးကြောင်ကြောင်အလုပ်တွေက ဒီကောင်တွေလုပ်စမြဲဆိုတော့ ဘာမှလည်းပြော စရာမရှိပါဘူး” ဟု ဗိုလ်နတ်ဆိုးက မဇ္ဈိမကိုပြောသည်။

ယနေ့ မေလ ၃ ရက်နေ့နံနက်ပိုင်းတွင်လည်း နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်ဇီးကွက်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းတို့အဖွဲ့မှ တော်လှန်ရေးရဲဘော်များဖမ်းဆီးခံရခြင်းမှာ သတင်းမှား သာဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။ 

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာအား သွားရောက်မေးမြန်းရာတွင်လည်း ရဲဘော်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ အားလုံးလုံခြုံသည့်နေရာတွင်ရှိကြောင်း စာဖြင့် ပြန်လည်ဖြေ ကြားထားသည်။

အဆိုပါ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးပစ်ခတ်မှုတွင် ၎င်းတို့တပ်ဖွဲ့မှ နယ်မြေလုံခြုံရေးအရ ရွေး ချယ်စရာမရှိသဖြင့် သင်္ကန်းဝတ်များဖြင့် လာရောက်ပစ်ခတ်ရသည့်အပေါ် တောင်းပန်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ တပ်သားများဖမ်းဆီးခံခဲ့ရသည်ဟု ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ဝေနေကြ သော်လည်း ဧပြီလ ၂၅ ရက်နေ့မှ စတင်ကာ နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့ အတွက် M79 ၄၀ မမ တစ်လက် ဝယ်ယူနိုင်ရန်အတွက် M79 ကမ်ပိန်းများ လုပ်ဆောင်လျက်ရှိနေသည်။ လင့် - t.ly/-n0cS

ထို့ပြင် မတ္တရာမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ တိုက်ပွဲသတင်းများအား  ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်၌  မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
လင့် - https://t.me/+UhMZhWW9cYFjZTRl

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၏ ယခင်ဖေ့စ်ဘုတ်စာမျက်နှာသည် ဖေ့စ်ဘုတ်စည်းကမ်း ချက်များနှင့်ငြိနေသောကြောင့် ပေ့ချ်ပျက်သွားပြီး မတ်လ ၅ ရက်နေ့တွင် “နတ်ဆိုးမြေအောက်တော် လှန်ရေးတပ်ဖွဲ့” အမည်ဖြင့်အသစ်လုပ်ကာအသုံးပြုနေသော်လည်း နောက်ပိုင်းတွင် သတင်းကြေညာ ချက်များအား တယ်လီဂရမ်ချန်နယ်များတွင်သာ ထုတ်ပြန်လေ့ရှိသည်။

နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့နှင့်တွဲကာ စစ်ဆင်ရေးလုပ်ဆောင်နေသည့် နဂါးညီနောင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့အား မဇ္ဈိမကနတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ ဖမ်းဆီးခံရခြင်းရှိမရှိ မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် နတ်ဆိုးအဖွဲ့ဖမ်းဆီးခံရခြင်းအကြောင်းကို မကြားမိကြောင်းနှင့် ဖော်ပြပါစာမျက်နှာ သည် နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့၏ လက်ရှိအသုံးပြုနေသည့် စာမျက်နှာဖြစ်ကြောင်း အတည်ပြုဖြေ ကြား သည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာဈေး တိုက်ခိုက်မှုဖြစ်စဉ်အား သတင်းဌာနများတွင် ဖော်ပြမှုရှိခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သည့် နတ်ဆိုးမြေအောက်တော်လှန်ရေး တပ်ဖွဲ့မှ တပ်သားများ ဖမ်းဆီးခံရသည့်အကြောင်းကိုမူ မည်သူ့သတင်းဌာနတွင်မှ ဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။
လင့် - t.ly/J5Dh
 
ထို့ကြောင့် သင်္ကန်းဝတ်ဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှတပ်သားများ ဖမ်းဆီးခံရသည်ဆိုသည်မှာ သတင်းမှားသာဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly