ဘုတ်ပြင်း ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စဖရရုံး တိုက်ခိုက်ခံရ ၁ ဦး သေနတ်ထိမှန်သေဆုံး

By ပါခွီး (မဇ္စျိမ)
03 May 2023
ဘုတ်ပြင်း ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စဖရရုံး တိုက်ခိုက်ခံရ ၁ ဦး သေနတ်ထိမှန်သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖရုံးကို ယမနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ တပ်သားများနှင့်  ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့များ ရှိရာ စရဖရုံးကို Flying Star Force (ပကဖ) နှင့် PDF တပ်ဖွဲ့များက ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူခေါင်းဆောင်လည်းဖြစ် အုပ်ကြီးလည်းဖြစ်သူ တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ဒေသခံ တစ်ဦးက “မနေ့ကတော့ မြို့ထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်၊ အုပ်ကြီး တစ်ယောက်တော့ သေသွားတယ်”ဟု ပြော သည်။

အဆိုပါ နှစ်ဖက် အပြန် အလှန်ပစ်ခတ်မှုသည် နံနက် ၇ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်ရှိလာ၍ ၈ နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အကုန်လုံးပြန်လည် ဆုတ်ခွာခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပူးပေါင်း တပ်ဖွဲ့က မြို့ထဲ အထိဝင်ပြီး ဝင်ပစ်တာပါ၊ အုပ်ကြီး တစ်ဦး ထိပြီး သေသွားတယ်”လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ပျူစောထီး ခေါင်းဆောင် အုပ်ကြီးသည် ပြည်ကြီးမဏ္ဍိုင်မြို့က ပျဉ်းမချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း (အသက် ၅၅ နှစ်)ဆိုသူ ဖြစ်ကြောင်း သိရသည်။

ယင်း မြို့တွင် ယခင်က မြို့ပြင်မှာသာ နှစ်ဖက် ပစ်ခတ်မှု ရှိခဲ့သော်လည်း အခုအခါတွင် မြို့ထဲအထိ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

စာတည်း-သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required