မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်အတွင်း သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံရပြီး ၄ ဦး သေဆုံး

By မိုးသောက် (မဇ္ဈိမ)
03 May 2023
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်အတွင်း သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံရပြီး ၄ ဦး သေဆုံး

စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော်ကာလအတွင်း ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ Detained Journalists Information Group မှကောက်ခံထားသည့်စာရင်းများအရ စစ်ကောင်စီက သတင်းမီဒီယာသမား ၁၅၆ ဦးကို ဖမ်းဆီးခဲ့ပြီး လေးဦးကိုသတ်ဖြတ်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်အတူ သတင်းမီဒီယာသမားနှင့်သတင်းဌာနများသည်လည်း စစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။
လက်ရှိအချိန်အထိ မြန်မာနောင်း၊ မဇ္ဈိမ၊ ခေတ်သစ်၊ 7Day ၊ DVB စသည်တို့အပါအဝင် သတင်းဌာန စုစုပေါင်း ၁၇ ခုကို စစ်ကောင်စီက  ထုတ်လုပ်ခွင့်လိုင်စင် ပိတ်သိမ်းခဲ့သည်။

ပိတ်သိမ်းခံရသည့် သတင်းဌာနအ‌ရေအတွက် တဖြေးဖြေးတိုးလာသကဲ့သို့ အခြားသတင်းဌာနအသီးသီး မှာလည်း ပြည်တွင်း၌ လုံခြုံရေးပြဿနာများ၊ အင်တာနက်အခက်အခဲနှင့် အခြားသော စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့အခြေစိုက်ပြီး သတင်းအလုပ်များကို ဆက်လက် လုပ်ကိုင်နေကြရသည်။

အိမ်နီးချင်းထိုင်းနိုင်သို့ပြောင်းရွှေ့ခဲ့ရသည့် ရှမ်းအခြေစိုက်မဲခေါင်သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဦးဉာဏ်လင်းထက်က “အဓိကကတော့ လုံခြုံရေးအရ ပြောင်းလာတာပေါ့လေ။ ပြည်တွင်းမှာ ဆက်နေလို့ မရတော့ဘူး၊ တွေ့တာနဲ့အဖမ်းခံရတော့မယ့် အခြေအနေရှိတယ်။ သတင်းအလုပ်တွေလုပ်လို့မရတော့ တာက အဓိကပေါ့” ဟု ဆိုသည်။

စစ်ကောင်စီသည် သတင်းဌာနများသာမဘဲ လက်ရှိ သတင်းအလုပ်လုပ်ကိုင်နေဆဲနှင့် သတင်းအလုပ် လုပ်ကိုင်ခြင်းမရှိတော့သည့် သတင်းထောက်များကိုလည်း ပစ်မှတ်ထားဖမ်းဆီးမှုများရှိသည်။
ရန်ကုန်မှ အလွတ်တန်းဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သည့် ကိုစိုးနိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးငြိမ်သက်ခြင်းသပိတ်ဆင်နွှဲနေပုံကို သတင်းရယူရင်းဖမ်းဆီးခဲ့ရပြီး စစ်ကြော ရေးသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ စစ်ကြောရေးသို့ရောက်ရှိပြီး လေးရက်အကြာတွင် သေဆုံးခဲ့ရသည်။

နောက်ထပ်သေဆုံးသူနှစ်ဦးမှာ စစ်ကောင်စီနှင့် ဒေသခံအဖွဲ့များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး နောက်ထပ်တစ်ဦးမှာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း Detained Journalists Information Group အချက်အလက်များအရ သိရသည်။
သတင်းအလုပ်ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့သည့် The Voice ဂျာနယ်၏ အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေသည် ပဇီကြီးကျေးရွာဖြစ်စဉ်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် Profile အမည်း ပြောင်းလဲခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသည်။

ပဇီကြီးကျေးရွာဖြစ်စဉ်မှာ ပြီးခဲ့သော ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ သို့ စစ်ကောင်စီတပ်ကလေကြောင်းမှပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါ အဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ဦးကျော်မင်းဆွေကဲ့သို့ပင် သတင်းအလုပ် ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့သည့် သတင်းသမားအချို့ သည်လည်း နေအိမ်တွင်ဖမ်းဆီးခံခဲ့ရမှုများရှိနေပြီး လုံခြုံရေးအခြေအနေများလည်း စိုးရိမ်နေကြရသည်။

လုံခြုံရေးအရအမည်မဖော်လိုသည့် အမျိုးသမီးသတင်းထောက်တစ်ဦးက “ပြည်တွင်းထဲမှာ ဒီလောက် သတင်းသမားတွေကို ဖမ်းဆီးနေတာ ဘယ်လိုလုပ်သတင်းသမားတွေက အမှန်တရားတွေ ရေးသားဖော် ပြနိုင်တော့မှာလဲ” ဟု ပြောသည်။

သတင်းသမားအချို့သည် ပြည်တွင်း၌ ပုန်းလျှိုးကွယ်လျှိုးနေထိုင်၍ သတင်းအလုပ်များ လုပ်ကိုင်နေကြရ ပြီး အများစုမှာ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးနယ်မြေများနှင့် နယ်စပ်ဒေသများကို ထွက် ပြေးတိမ်းရှောင်နေကြကာ သတင်းအလုပ်များ ဆက်လက်လုပ်ကိုင်နေကြသည်။

တော်လှန်ရေးနယ်မြေတစ်ခုတွင် သတင်းရယူတင်ဆက်နေသည့်  အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ် သည့်သံလွင်ခက်သတင်းဌာနမှ မဂျာမုန်းက“မြေပြင်ကအခြေအနေမှန်တွေကို သေချာအသေးစိတ် သိနိုင် ဖို့အတွက် ကိုယ်တိုင်မြေပြင်မှာရှိနေတာက အဖြေလို့ယူဆတဲ့အတွက် တော်လှန်ရေးနယ်မြေတွေကို အခက်အခဲတွေ စိန်ခေါ်မှုတွေကြားကနေအရောက်သွားပြီး သတင်းရယူတင်ဆက်နေတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့ကျရောက်သည့် အကြိမ်(၃၀)မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားဆောင်ပုဒ်မှာ "Shaping a Future of Rights: Freedom of expression as a driver for all other human right” ဖြစ် သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုဖော်ပြခွင့်ရှိခြင်းသည် လူ့အခွင့်အရေးမှန်သမျှအတွက် တွန်းအား တစ်ခုဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုအောက်ကျရောက်နေသည့် မြန်မာနိုင်ငံတွင် မည်သည့်နေရာသို့ ရောက်နေကြသည် ဖြစ်စေ သတင်းသမားများအနေဖြင့် ပြည်သူလူထုအတွက် သတင်းအချက်အလက်များရရှိနိုင်ရန်  ကြိုးစား ဆောင်ရွက်နေကြဆဲဖြစ်သည်။ ဖမ်းဆီးခံမည့်အရေးနှင့် အခြားဖိနှိပ်မှုများကြားမှ သတင်းများတင်ဆက် နေကြရသော်လည်း သတင်းထောက်များအတွက် သတင်းအချက်အလက်ရယူပိုင်ခွင့်မှာ  အကန့်အသတ် များစွာရှိလာနေပြီဖြစ်သည်။

အရပ်သားအစိုးရဖြုတ်ချခံရပြီးနောက် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အညွှန်းကိန်း သည် ၁၈၀ တွင် အဆင့် ၁၇၃ သို့ရောက်ရှိနေပြီဖြစ်ဖြစ်ကြောင်း ပဲရစ်အခြေစိုက် နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ (RSF)ကထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသည့်သတင်းသမားများတွင် တရားစွဲခံရသူ ၁၀၆ ဦး ရှိနေပြီး နိုင်ငံတော်အကြည်ညိုပျက် စေမှု၊ မတရားသင်းဆက်သွယ်မှုအပြင် အခြားကြီးလေးသောပုဒ်များဖြင့် တရားရင်ဆိုင်ရလျက်ရှိနေသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required