ဆော်ဒီကို ခရီးသွားခဲ့တဲ့အတွက် လီယွန်နယ် မက်ဆီကို ပီအက်စ်ဂျီက ပွဲကစားခွင့် နှစ်ပတ်ပိတ်ပင်

ဆော်ဒီကို ခရီးသွားခဲ့တဲ့အတွက် လီယွန်နယ် မက်ဆီကို ပီအက်စ်ဂျီက ပွဲကစားခွင့် နှစ်ပတ်ပိတ်ပင်
Photo: EPA

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီအာရေဘီးယားကို ဒီသီတင်းပတ်အတွင်း သွားရောက်လည်ပတ်ပြီးနောက် ကလပ်အသင်းက ပွဲကစားခွင့် နှစ်ပတ်ပိတ်ပင်ခဲ့ပါတယ်။

မက်ဆီဟာ  တနင်္ဂနွေနေ့က  ပြင်သစ်ကလပ်ရဲ့ အိမ်ကွင်းမှာ လော်ရီယန့်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မိနစ် ၉၀ ပြည့် ကစားခဲ့အပြီး ဒီခရီးစဉ်ဖြစ်လာခဲ့တာပါ။

မက်ဆီဟာ သူ့ရဲ့ တားမြစ်ပိတ်ပင်ကာလအတွင်း ပီအက်စ်ဂျီအတွက် လေ့ကျင့်ခွင့် ဒါမှမဟုတ် ကစားခွင့်ရမှာ မဟုတ်ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ စီးပွားရေးအလုပ်အရ ခရီးသွားဖို့ ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကလပ်မှ ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့ မက်ဆီဟာ ဆော်ဒီအာရေဘီးယားနိုင်ငံအတွက် ခရီးသွားသံတမန်အဖြစ် လုပ်ဆောင်နေသူဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံကစားသမားရဲ့ ပီအက်စ်ဂျီနဲ့ နှစ်နှစ်စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ရာဖေးလ်ယူစတေးက စပိန်ကလပ်ဟာ နူးကမ့်သို့ ပြန်လာနိုင်ခြင်းနဲ့ပတ်သက်လို့ မက်ဆီနဲ့ အဆက်အသွယ်ရှိကြောင်း မတ်လက ပြောပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ် ၇၁ ပွဲမှာ ၃၁ ဂိုး သွင်းယူပြီး ၃၄ ဂိုး ဖန်တီးပေးထားကာ ပြီးခဲ့တဲ့ ရာသီက လီဂူဝမ်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ထရိုယက်စ်၊ အေဂျက်စီယိုတို့နဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ လီဂူးဝမ်း ဇယားထိပ်မှာ ဦးဆောင်နေကာ လက်ကျန် ၅ ပွဲနဲ့အတူ ပြိုင်ဘက် မာဆေးလ်ကို ၅မှတ်ဖြတ်ထားပြီး ၁၁ ရာသီအတွင်း ၉ ကြိမ်မြောက် လိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းထားပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required