တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာအရေး ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာအရေး ဆွေးနွေး

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်သလို နိုင်ငံ၏ ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အားပေးရန် တရုတ်နိုင်ငံတော် ကောင်စီဝန်နှင့် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် ပေကျင်းမြို့တော်၌ မေ ၁ ရက်က တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

အိမ်နီးချင်း နိုင်ငံဖြစ်သောကြောင့် တရုတ်အနေဖြင့် မြန်ုမာနိုင်ငံ တည်ငြိမ်တိုးတက်မှုကို အခြားနိုင်ငံများထက် ပိုမို မျှော်လင့်ထားသော်လည်း မြန်မာ၏ နောက်ခံသမိုင်းကြောင်းသည် ရှုပ်ထွေးကာ ပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း ကျင်ဂန်းက ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ၏ အချုပ်အခြာအာဏာကို လေးစားသင့်သလို နိုင်ငံတွင်း မသင့်မြတ်မှုများကို ပေါင်းစပ်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ကူညီပံ့ပိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုနည်းလမ်းဖြင့် နိုင်ငံရေး ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်စတင်သင့်ကြောင်းလည်း ကျင်ဂန်းက မှတ်ချက်ပြုခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ပြေလည်စေရန် ကြားဝင်ဆောင်ရွက်မှုများကို နိုင်ငံတကာက အလေးထားကာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းမှုများကို အားပေးသင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့က အမျှော်အမြင်ရှိရှိ၊ လက်တွေ့ကျကျနဲ့ တင်းမာမှုတွေ မြင့်တက်မလာအောင်နဲ့ အကျပ်အတည်းပြဿနာတွေ ပျံနှံ့မလာအောင် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု လည်း ကျင်ဂန်းက ပြောကြားသည်။

တရုတ်အနေဖြင့် နော်လင်းဟေဇာ၏ ကြားဝင်ဖျန်ဖြေရေး ဆောင်ရွက်ချက်များကို ကူညီပံ့ပိုးမှုများ ပေးရန် ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ ပြဿနာ၏ အဖြေကို မြန်မာက ဦးဆောင်အဖြေရှာသင့်ကြောင်းနှင့် ပြည်သူတို့၏ ဆန္ဒကို အလေးထားရန်လည်း ဟေဇာက သဘောတူညီခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးသည် အတိတ်ကို ပြင်ဆင်၍ မရသော်လည်း အနာဂတ်ကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ကြောင်း သူမက ပြောကြားသည်။

တွေ့ဆုံဆွေးနွေးရေး၊ အခြေအနေတိုးတက်ကောင်းမွန်ပြီး ဒေသတွင်း ကြွယ်ဝသာယာရေးတို့ဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းလုံခြုံရေးရရှိစေရန် ကုလသမဂ္ဂက လိုလားသလို လူ့အခွင့်အရေးအပေါ် လေးစားစောင့်ရှောက်လျက်ရှိ ကြောင်း၊ မြန်မာအရေးတွင် အာဆီယံက တက်ကြွစွာ ပါဝင်ရေးကို ထောက်ခံကြောင်းတို့ကို ဟေဇာက ပြောကြားခဲ့သည်။

မြန်မာ၏ ပြဿနာ ပြေလည်အောင် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်းနှင့် မြန်မာ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် ပါဝင်လုပ်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း နိုလင်းဟေဇာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required