မီဇိုရမ်ပြည်နယ်တွင် ထောင်ဖောက်ပြေးသည့် မြန်မာနိုင်ငံသား ၁ ဦးကို ပြန်ဖမ်းမိ 

By ပါခွီး (မဇ္စျိမ)
25 April 2023
မီဇိုရမ်ပြည်နယ်တွင် ထောင်ဖောက်ပြေးသည့် မြန်မာနိုင်ငံသား ၁ ဦးကို ပြန်ဖမ်းမိ 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့တွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသားငါးဦး ထောင်မှဖောက်ထွက်ပြေးခဲ့ပြီးနောက် ၎င်းတို့အနက်မှ တစ်ဦးကိုပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသ ထုတ်သတင်းစာဖြစ်သည့် Zalen News က ဖော်ပြသည်။

ဧပြီလ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ထောင်မှထွက်ပြေးခဲ့သည့် Lalchawimawia ဆိုသူကို Hnahthial နှင့် Thingsai ကျေးရွာအကြား လယ်တောထဲမှတဲတစ်လုံးတွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများမှ ဖမ်းဆီးမိခဲခြင်းဖြစ်ကြောင်းဆိုသည်။

မျက်မြင်သက်သေများ၏ သတင်းပေးပို့ချက်အရ လူငယ်အသင်းအဖွဲ့၊ ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြန်လည်ဖမ်းဆီးမိသူသည် ၂၀၂၁ ခုနှစ်က Vanlalduati အမည်ရှိ  အသက်(၅၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးကိုသတ်ဖြတ်ခဲ့၍ လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်ကြောင်း ဆိုသည်။
လုံးလေမြို့အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားငါးဦးသည် ဧပြီလ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်၌ အကျဉ်းထောင်အိမ်သာ အုတ်နံရံကိုဖောက်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက်မှ Lalbawihlian နှင့် Do Kap Thang တို့နှစ်ဦးအား ဧပြီလ ၂၀ ရက်နေ့ ည ၈နာရီခွဲခန့်တွင် Mausen ကျေးရွာအနီး ဟိုတယ်တစ်ခုတွင်ဖမ်းဆီးခဲ့ရပြီးဖြစ်ကြောင်းသိရသည်။

Hau Deih Cin နှင့် Van Nei Thang တို့နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ပြန်လည်ဖမ်းမိနိုင်ရေး အတွက် မီဇိုရမ်ရဲတပ်ဖွဲ့မှ ရှာဖွေလျက်ရှိကြောင်း သိရသည်။

ယင်းတို့ ငါးဦးထောင်မှ ဖောက်ပြေးသဖြင့် လုံးလေမြို့နယ်အတွင်း ခိုလှုံလျက်ရှိသူများနှင့် ဈေးရောင်းချ၍ အသက်မွေးဝမ်းကြောင်းနေသည့် မြန်မာနိုင်ငံသားများအပေါ် တင်းကျပ်သည့်စည်းကမ်းချက်များကို ဒေသတွင်းလူငယ်အသင်းများနှင့် အာဏာပိုင်များက ထုတ်ပြန်ခဲ့ကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required