ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်ပို့လိုက်သည့် ရွှေ့ပြောင်းလုပ်သား ၁၇၀ ကျော်တွင် ၉ ဦး COVID-19 ရောဂါတွေ့

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်ပို့လိုက်သည့် ရွှေ့ပြောင်းလုပ်သား ၁၇၀ ကျော်တွင် ၉ ဦး COVID-19 ရောဂါတွေ့

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီး မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လိုက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၁ ဦးအနက် ကိုးဦးတွင် COVID-19 ရောဂါတွေ့ရှိရသည် ဟု ပရဟိတအဖွဲ့စည်းများထံမှ သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ ဧပြီလ ၂၄ ရက် ယနေ့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“ပြည်တွင်းကို ပြန်ဝင်လာတဲ့အထဲက ကိုးဦးမှာ ကိုဗစ်ရောဂါတွေ့ရှိတာဖြစ်ပါတယ်”ဟု ကော့သောင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့  နေ့လယ် ၁၂ နာရီတွင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၌ ပြစ်ဒဏ်ကျခံပြီး မြန်မာ နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော အချုပ်လွတ် အကျဉ်းသား နေရပ်ပြန်များအနက် အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၁ ဦးအား ကော့သောင်းမြို့၊ မြို့မဆိပ်ခံတံတားသို့ ပို့ဆောင်ပေး ခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါတွေ့ရှိသူ ကိုးဦးအား ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ဖြင့် ကော့သောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ရနောင်းအချုပ်မှ အချုပ်လွှတ်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကော့ သောင်းမြို့သို့ သုံးကြိမ်ပြန်ပို့ပေးထားပြီး စုစုပေါင်း ၉၇၃ ဦးရှိနေပြီဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ပရဟိတအဖွဲ့များထံမှ သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly