မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ ဦး ထောင်ဖောက်ထွက်ပြေး

By ပါခွီး(မဇ္စျိမ)
20 April 2023
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ ဦး ထောင်ဖောက်ထွက်ပြေး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့တွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား ငါးဦး ထောင်ဖောက်ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ယင်းမြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ဧပြီလ ၁၉ ရက် နံနက် ၂ နာရီခန့်အချိန်တွင် အကျဉ်းထောင်အိမ်သာ၏ လေကာကို ဖောက်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

ထောင်မှထွက်ပြေးလွတ်မြောက်သူများမှာ ၂၀၂၁ ခုနှစ်တွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် Lalchawmawia (၂၄နှစ်) နှင့် မူးယစ်ဆေးဝါးမှုကြောင့် ပြစ်ဒဏ်ခံ နေရသူများဖြစ်သော Lal Bawi Lian (၂၇နှစ်) , Do Kap Thang (၂၆နှစ်) ၊ Hau Deih Cin (၂၅နှစ်) နှင့် Van Nei Thang (၃၈နှစ်) တို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့ငါးဦးသည် အကျဉ်းထောင်ထဲရှိ အခန်းတစ်ခုတွင် အတူနေထိုင်ကြသူများ ဖြစ်ကြပြီး ပြန်လည်ဖမ်းဆီးနိုင်ရေး မီဇိုရမ်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကာ ဧပြီလ ၂၀ရက် နံနက်ပိုင်းအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိကြောင်းဆိုသည်။

တစ်ချိန်တည်းတွင် ၎င်းတို့ထွက်ပြေးမှုနှင့်ပတ်သက်၍ လုံးလေမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားများအပေါ် ဒေသခံအာဏာပိုင်များနှင့် လူငယ်အဖွဲ့အစည်းများက စည်းကမ်းချက်များ ထုတ်ပြန်လာသည်။

စည်းကမ်းချက်များထဲ၌ မြန်မာနိုင်ငံသားများ၏အိမ်တွင် ဧည်သည်လက်မခံရန်၊ အချို့ရပ်ကွက်များတွင် ဈေးရောင်းချခွင့် မပြုခြင်းနှင့် အချို့သောနေရာများတွင် တပတ် နှစ်ရက်သာ လှည့် လည်ဈေးရောင်းခွင့် ပြုခြင်းများပါဝင်ကြောင်း သိရသည်။

ထို့အပြင် ထောင်မှထွက်ပြေးသူများတွေ့ရှိပါက တာဝန်ရှိသူများကို အမြန်ဆုံး အကြောင်းကြားရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ညဘက် အပြင်မထွက်ရန်လည်း စည်းကမ်းထုတ်ပြန်ထားသည်။

အကယ်၍ စည်းကမ်းချက်များ မလိုက်နာ၍ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း စသဖြင့် ပါရှိသည် ဟု ယင်းမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားများထံက သိရသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required