မီဇိုရမ်ပြည်နယ်သား ၃ ဦးသတ်ခံရမှု ကျူးလွန်သူများ ဖမ်းဆီးရမိထားကြောင်း CDF – Mindat ထုတ်ပြန်

By ပါခွီး (မဇ္စျိမ)
10 April 2023
မီဇိုရမ်ပြည်နယ်သား ၃ ဦးသတ်ခံရမှု ကျူးလွန်သူများ ဖမ်းဆီးရမိထားကြောင်း CDF – Mindat ထုတ်ပြန်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့တွင်နေထိုင်သည့် ဒေသခံသုံးဦးကို မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်အတွင်း သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF–Mindat က ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

မီဇိုရမ်ပြည်နယ်သားသုံးဦး သတ်ဖြတ်ခံရမှုဖြစ်ရပ်တွင် အဖြစ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် တရားမျှတမှုရရှိရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

ယခုအချိန်တွင် ပြစ်မှုကျူးလွန်သူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်း ဆီးရမိပြီဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးလိုသည်ဟု CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တရားခံတွေကိုပါ ထိန်းသိမ်းထားနိုင်ပါပြီ။ အမှုမှန်ပေါ် ပေါက်ရေးဆောင်ရွက်ဖို့ရှိပါတယ်။ အကောင်းဆုံးဖြေရှင်းဖို့အတွက် လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုကို အားလုံးနဲ့ပြုလုပ်သွားမှာပါ” ဟု CDF – Mindat မှ ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က မဇ္စျိမသို့ ပြော သည်။

ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ တရားစီရင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သားသုံးဦး အသတ်ခံရမှုကြောင့် လက်ရှိတော်လှန်ရေးကာလတွင် မြန်မာ နိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများကို အားတက်သရော အကူအညီပေးနေသည့် မီဇိုရမ်အစိုးရ၊ ပြည်သူနှင့် စစ်ဘေးရှောင်များအကြား ဆက်ဆံရေးဆိုးရွားပြီး ခိုလှုံနေရသူများ ပိုမိုကျပ်တည်းသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရသောကြောင့် ကြီးစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်အတွင်း၌ မီဇိုရမ်ပြည် နယ်သားသုံးဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြင်းထန်စွာရှုံ့ချပါကြောင်း၊ သတ်ဖြတ်ခံရသူများ၏မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း CDF – Mindat မှ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်ရပ်တွင် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီပံ့ပိုးရန်အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

မတ်လ ၂၂ ရက်နေ့က မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့တွင်နေထိုင်သူ BiakSuii ၊ Bablu နှင့် B.Lalthafamkima တို့သုံးဦးသည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ်တွင် အမည်မသိလူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပါတ်သက်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများက အိန္ဒိယ-မြန်မာနယ်စပ် အဝင်အထွက်လမ်း ကြောင်းအချို့ကို အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီး၊ နယ်စပ်ဖြတ်ကျော်သွားလာခွင့်နှင့် ပစ္စည်းများလွှဲ ပြောင်းမယူရန်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly