အက်ဒမန်ပင်လယ်အနီး မြန်မာပိုင်  ကိုကိုးကျွန်းတွင် တရုတ်ပိုင်ဟု ယူဆရသော စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံသစ်တွေ့ရှိ

အက်ဒမန်ပင်လယ်အနီး မြန်မာပိုင်  ကိုကိုးကျွန်းတွင် တရုတ်ပိုင်ဟု ယူဆရသော စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံသစ်တွေ့ရှိ

အိန္ဒိယ၏ ဗျူဟာမြောက် အက်ဒမန်ပင်လယ် ခေါ် ကပ္ပလီပင်လယ်နှင့် နီကိုဘာကျွန်းစုများကို ပစ်မှတ်ထားကာ ထောက်လှမ်းရန် တရုတ်က အမြဲတစေအသုံးပြုနေသည်ဟု သံသယရှိနေသည့် မြန်မာပိုင်  ကိုကိုးကျွန်းစုတွင် စစ်ရေးတည်ဆောက်မှုများနှင့် လေကြောင်းစစ်ဆင်ရေးများအတွက် အဆောက်အအုံများ တည်ဆောက်နေမှုကို  နောက်ဆုံးရ ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပြထားသည်။

နည်းပညာကုမ္ပဏီ Maxar Technologies မှ ဇန်နဝါရီလတွင် ထုတ်ပြန်သော ဂြိုဟ်တုဓာတ်ပုံများ၌  ကိုကိုးကျွန်းစုပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နေပုံကို ပြသနေသည်။

ဓာတ်ပုံများတွင် လေယာဉ်ရုံ ၂ ခု၊ တာရိုးလမ်းအသစ် ၁ ခုနှင့် နေရာထိုင်ခင်းအတွက်ဟု ယူဆရသည့် အဆောက်အအုံ ၁ လုံးတို့ကို တွေ့မြင်ရပြီး အားလုံးသည် မီတာ ၂ ၃၀၀ ရှည်လျားသည့် ပြေးလမ်းနှင့် ရေဒါစခန်းအနီးတွင် ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံကျွမ်းကျင်သူ ဒမ်မီယန်ဆိုင်မွန်နှင့် နိုင်ငံခြားရေးနှင့်လုံခြုံရေးပြဿနာအကြံပေး ဂျွန်ပိုလော့ခ်က လန်ဒန်အခြေစိုက် လွတ်လပ်သော မူဝါဒဆိုင်ရာအဖွဲ့အစည်း  Chatham House မှ ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

ကျွန်းစုများကို ဆက်ထားသော တာရိုးလမ်းအနီး ဂရိတ်ကိုကိုးကျွန်း၏ တောင်ဘက်စွန်းတွင် မြေယာရှင်းလင်းထားမှုများကို မတ်လနှောင်းပိုင်းတွင် တွေ့မြင်ခဲ့ရပြီး အဆောက်အအုံများတည်ဆောက်မည့်အရိပ်လက္ခဏာဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။ 

အိန္ဒိယ၏ ပထမဆုံး ကြည်း၊ ရေ၊ လေကွပ်ကဲမှုဌာနချုပ်ရှိရာ အက်ဒမန်နှင့် နီကိုဘာကျွန်းစုများ၏ မြောက်ဘက် ၅၅ ကီလိုမီတာအကွာတွင်ရှိသော သီးခြားကျွန်းစု၏ အကြီးဆုံးဖြစ်သော ဂရိတ်ကိုကိုးကျွန်းတွင် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ထက်မနည်း အချိန်ကတည်းက တရုတ်တပ်စွဲနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

တရုတ်သည် အထူးရေဒါစနစ်များနှင့်အချက်ပြစနစ်များအသုံးပြုလျက် အဆိုပါကျွန်းပေါ်တွင် ထောက်လှမ်းရေးစခန်း တည်ဆောက်ထားကြောင်း အများက သံသယရှိနေကြပြီး ထိုစနစ်များကို ယမန်နှစ်က ထပ်မံအဆင့်မြှင့်တင်ထားကာ ဒုံးကျည်စမ်းသပ်မှုအပါအဝင် အိန္ဒိယ၏ ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ခြေရာခံနိုင်သည်ဟု အိန္ဒိယကာကွယ်ရေးဌာနမှ သတင်းရင်းမြစ်များက The Print သတင်းဌာနသို့ ပြောသည်။

အိန္ဒိယသည် မြန်မာနှင့် လုပ်ငန်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားစဉ်မှာ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူထားသည့် စစ်အုပ်စုနှင့်အတူ တရုတ်၏ စိုးမိုးခြယ်လှယ်မှုမှာ ပိုမိုအရှိန်ရလာခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းအတွက် ကုန်စည်ပို့ဆောင်ရာတွင် အရေးပါသော ပင်လယ်လမ်းကြောင်းတစ်ခုဖြစ်သည့် မလက္ကာရေလက်ကြား၏ လမ်းလွှဲအဖြစ် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်နိုင်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း၌ တရုတ်က ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာကြောင်း အထောက်အထားများစွာက ပြသနေသည်။ စစ်အုပ်စုသည် စီးပွားရေးကျဆင်းနေမှုနှင့်   နိုင်ငံတစ်ဝန်းကို ထိန်းချုပ်နိုင်ရေး ရုန်းကန်နေရစဉ်မှာ တရုတ်က ကူညီထောက်ပံ့နေပြီး ၎င်း၏ အကျိုးစီးပွားများကိုလည်း ကာကွယ်နေပုံပေါ်သည်။

တရုတ်ကုမ္ပဏီများသည် ရေနက်ဆိပ်ကမ်းများကဲ့သို့သော အဓိကအခြေခံအဆောက်အအုံစီမံကိန်းများကို တည်ဆောက်လျက် မြေပြင်တွင် လုပ်ငန်းများလည်ပတ်နေသည်ဟု ယူဆရပြီး စစ်ကောင်စီက ၎င်းတို့အား ကာကွယ်ရန် တပ်ဖွဲ့ဝင်အနည်းငယ် ပေးထားသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

အိန္ဒိယသည် တရုတ်နှင့်ရင်းနှီးမှုတိုးလာသော မြန်မာနိုင်ငံတွင်  လေတပ်အခြေစိုက်စခန်းသစ်တစ်ခုကို မြင်တွေ့ရဖွယ်ရှိသည်ဟု ဆိုသည်။ 
မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် တရုတ်၏ စီမံကိန်းများနှင့်အတူ စစ်ကောင်စီက ကိုကိုးကျွန်းကို စစ်ပုံစံသွင်းခြင်းတို့သည် အိန္ဒိယနှင့်ယင်း၏ရေတပ်အတွက် ကြီးမားသော လုံခြုံရေးစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။

တရုတ်ကုန်စည်သင်္ဘောများသည် ရေလက်ကြားကို ရှောင်လွှဲကာ ၎င်းတို့ကုန်စည်များကို မြန်မာနိုင်ငံတွင် ချလာနိုင်သောကြောင့် အိန္ဒိယ၏အကျိုးကို ပျက်ပြားစေနိုင်ကြောင်း ဆောင်းပါး၌ ဖော်ပြထားသည်။ 

“နောက်ထပ် စိုးရိမ်စရာ တစ်ခုရှိပါသေးတယ်။ တရုတ်က စစ်ကောင်စီကို ဖိအားထပ်ပေးလိုက်ရင် ဂရိတ်ကိုကိုးကျွန်းပေါ်က ထောက်လှမ်းရေးလေယာဉ်တွေဆီကရတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် မရှိမဖြစ်လိုအပ်မယ့် ရေတပ်နဲ့ဆိုင်တဲ့ စုံစမ်းထောက်လှမ်းမှုအချက်အလက်တွေကို ပေးရတော့မှာပါ။ ဒါဟာ တရုတ်အတွက် အိန္ဒိယထက်သာတဲ့ အဓိက ဒေသတွင်းအားသာချက်တစ်ခုဖြစ်လာမှာပါ” ဟု ဆောင်းပါး၌ ရေးသားထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly