တရုတ်က မြန်မာကို လက်ဦးမှုယူချဉ်းကပ်ခြင်းက  ရှုပ်ထွေးမှုကို ဖြစ်စေသလား 

တရုတ်က မြန်မာကို လက်ဦးမှုယူချဉ်းကပ်ခြင်းက  ရှုပ်ထွေးမှုကို ဖြစ်စေသလား 

ဘာသာပြန်ဆောင်းပါး

မူရင်းရေးသားသူ--- Sun Lin

၂၀၂၃ ခုနှစ်၊ မတ်၂၈
မြန်မာနှင့်ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်သည် အမြဲတမ်း အလွန်ရှုပ်ထွေးပြီး မျက်နှာစာအမျိုးမျိုးရှိခဲ့သည်။ အချိန် ၂ နှစ်ကျော် ကြာြမင့်လာသည့်တိုင် မြန်မာစစ်တပ်အနေဖြင့် ရွေးကောက်ပွဲကျင်းပပေးမည့် အရိပ်လက္ခဏာ မပြသေးပေ။ 

တရုတ်သည် မြန်မာ၏ အဓိက မဟာမိတ်ဖြစ်သလို  နိုင်ငံတကာက ဖယ်ကြဉ်ထားသည့် အာဏာသိမ်း စစ်တပ်ကို လက်နက်ရောင်းချသည့် နိုင်ငံဖြစ်သော်လည်း  စစ်တပ်အနေဖြင့် ရွေးကောက်ပွဲကျင်းပပေးရန် မဆိုစလောက်သာ ဖိအားပေးခဲ့သည်။ ဒီမိုကရေစီ လိုလားသူ အုပ်စုများအပေါ် အကြမ်းဖမ်းနှိမ်နှင်းမှုများ ရပ်တန့်စေရန်နှင့် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ်ပြန်လည် ပေါ်ထွန်းရေးတို့အတွက် အာဏာသိမ်း စစ်အစိုးရက ဖိအားပေးလိုပုံမရှိပေ။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနှင့် အာဏာသိမ်းစစ်တပ်၏ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီးဖြစ်သူ စိုးထွဋ်တို့ မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးက အာဏာသိမ်းစစ်တပ်အပေါ်  တရုတ်၏ သဘောထားအမှန်ကို ဖော်ပြနေသည်။
ယင်းအစည်းအဝေးတွင် တရုတ်သံအမတ်ချန်ဟိုင်းက မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်လက်တွဲသွားရန် တောင်းဆိုခဲ့သည်။  လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ရေးရာများနှင့် ဆက်လက် ပူးပေါင်းသွားမည့် ကဏ္ဍများကို နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။ 

အာဏာသိမ်း မြန်မာစစ်တပ်အနေဖြင့် ဒီမိုကရေစီ တောင်းဆိုသူများအပေါ် သွေးထွက်သံယိုဖြစ်စေသည့် နှိမ်နှင်းမှုများအား မည်သို့ ရပ်တန့်သင့်ကြောင်းကို ဆွေးနွေးခဲ့ခြင်းမရှိပေ။ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများက မြန်မာအာဏာသိမ်း စစ်တပ်အပေါ် တရုတ်၏ ပျော့ပြောင်းသည့် ချည်းကပ်မှုနှင့် ပတ်သက်၍ သံသယများဖြစ်ပေါ်လာစေသည်။ 

နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် လောင်းကစားများ တိုက်ဖျက်ရေးတို့အတွက် ပိုမိုဆောင်ရွက်ရန် ချန်ဟိုင်းက စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို တိုက်တွန်းခဲ့သည်ဟု South China Morning Post သတင်းစာက ဖော်ြပခဲ့သည်။ ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံတွင် အခြေစိုက်ထားသည့် တရုတ် ဒုစရိုက်အဖွဲ့များက ဖုန်းဖြင့် ဆက်သွယ်လိမ်လည်မှုများများ၊ လခကောင်းသည့် အလုပ်များကို ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံမှ အလုပ်သမားများအား စည်းရုံးခေါ်ယူခြင်းတို့အား လုပ်ဆောင်နေသည်။ ထို့ပြင် ယင်းကဲ့သို့ တရားမဝင် လုပ်ငန်းများက တရုတ်ပြည်သူတို့၏ အကျိုးစီးပွားနှင့် အန္တရာယ်ကင်းရှင်းရေးတို့ကို အနှောက်အယှက် ဖြစ်စေသလို လူမှုတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသောကြောင့် အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ ချန်ဟိုင်းက ပိုမိုစိုးရိမ်လျက်ရှိသည်။ ဒုစရိုက်မှုများကို တိုက်ဖျက်ပြီးနှစ်နိုင်ငံအကြား  မိတ်ဆွေရင်းခြာပုံစံ ပူးပေါင်းဆောင်ရွက်နိုင်မည့် သန့်ရှင်းသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးရန် မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်ပြီး ယင်းကဏ္ဍများတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ကြောင်း China Morning Post သတင်းတွင် ဖော်ပြထားသည်။ 

ဧရာဝတီသတင်းဌာန အယ်ဒီတာ အောင်ဇော်က အမေရိကန်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းကြောင့် တရုတ်အနေဖြင့် မြန်မာအပေါ်တွင် လက်ဦးမှုယူချဉ်းကပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အမေရိကန်က မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်မှုပိုမို လုပ်ဆောင်လာသလို ဒီမိုကရေစီအုပ်စုများ၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို ကူညီထောက်ပံ့ရန် သဘောထားရှိကြောင်း ပြသလာသည်။ သို့သော် တရုတ်အနေဖြင့် မှန်ကန်သည့် မဟာဗျူဟာကို ဖော်ဆောင်နေသလားဆိုသည်ကို အယ်ဒီတာ အောင်ဇော်က သူ၏ ရုပ်သံဆွေးနွေးခန်းတစ်ခုတွင် မေးခွန်းထုတ်ခဲ့သည်။

တရုတ်အစိုးရက အသစ်ခန့်အပ်လိုက်သည့် အထူးသံတမန် ဒန်ရှီယန်းသည် ဒီဇင်ဘာလနောက်ပိုင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ပြီးဖြစ်သည်။ သူသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သလို ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) သည် တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိနေပြီး ယင်းတို့အနက်မှ KIA၊  TNLA၊  MNDAA တို့သည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း အခြေစိုက်အဖွဲ့အစည်းများဖြစ်ကာ မြန်မာစစ်တပ်ကို တက်တက်ကြွကြွ တိုက်ခိုက်နေကြသည်။ 

ထို့ပြင် တရုတ်အစိုးရအနေဖြင့် အာဏာသိမ်း စစ်တပ်နှင့်ဆွေးနွေးလိုသည့် ဆန္ဒကို ထုတ်ဖော်ထားပြီး နယ်စပ်တွင် တိုက်ခိုက်မှုများ အဆုံးသတ်ရန် လိုလားလျက်ရှိသည်။ တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက အသိအမှတ်ပြုကာ ‘မြန်မာ၏ ပြည်တွင်းရေးတွင် တရုတ်အစိုးရ၏ ကြားဝင်ပေးခြင်းကို ကြိုဆိုကြောင်း’ ထုတ်ပြန်ကာ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။ ယင်း ထုတ်ပြန်ချက်က နေပြည်တော်ရှိ စစ်တပ်ခေါင်းဆောင်များအတွက် နားဝင်ချို ကျေနပ်စရာ   ဖြစ်စေခဲ့ကြောင်း အယ်ဒီတာ အောင်ဇော်က ပြောသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်၍   သုံးသပ်ယူဆချက် အမျိုးမျိုးရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။ ဖြစ်နိုင်ခြေတစ်ရပ်မှာ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးအရ တင်းမာမှုများ လျော့ကျစေရန် ဆောင်ရွက်ပေးမည်ဟု တရုတ်အထူးသံတမန်က  ကတိပြုခြင်း ဖြစ်သည်။ ယင်းဒေသတွင် တရုတ်က‌ ရွှေလီ-မန္တလေးမီးရထားလမ်းကို ဖောက်လုပ်ရန် လိုလားလျက်ရှိသည်။ နယ်စပ်တစ်လျှောက်တွင် တိုက်ခိုက်မှုများကို ရပ်တန့်ရန် တရုတ်သံတမန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပြောခဲ့သည်။ မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်း၏ ရုံးကို ဝါရှင်တန်မြို့တွင် မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ တရုတ်မြို့တော်တွင် အဆိုပါ ရုံးမျိုး မရှိသော်လည်း NUG အရာရှိများသည် တရုတ်အာဏာပိုင်များနှင့် ပေကျင်း၊ ယူနန်ခရိုင်တို့တွင် တွေ့ဆုံခဲ့ကြသည်။ အောက်တိုဘာလက ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀) မြောက် အမျိုးသားကွန်ဂရက် ကျင်းပစဉ်   ပါတီနှင့် တရုတ်ပြည်သူများအတွက် ဝမ်းမြောက်ဂုဏ်ပြုလွှာကို NUG ကလည်း ဒီမိုကရေစီတောင်းဆိုသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ပင် ပေးပို့ခဲ့သည်။ 

နောက်ထပ် ယူဆချက်တစ်ခုမှာ တရုတ်အထူးသံတမန်အနေဖြင့် မြန်မာအာဏာသိမ်းစစ်တပ်နှင့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့အကြား သွားလာဆက်ဆံခြင်းသည် အမေရိကန်ကွန်ဂရက်က ပြီးခဲ့သည့် လပိုင်းက ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဘားမားအက် (Burma Act) ကို တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။  ယင်းဥပဒေအရ EAO များအပါအဝင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့်အဖွဲ့အစည်းများအတွက် ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ပေးမည့်အစီအစဉ်ဖြစ်သည်။ တရုတ်အနေဖြင့် နိုင်ငံနယ်စပ်တွင် အနောက်အုပ်စုက လွှမ်းမိုးမှု ပျံ့နှံ့လာမည်ကို မမြင်လိုသောကြောင့် ယင်းအစီအစဉ်ကို ပိတ်ဆို့ဟန့်တားခြင်း ဖြစ်သည်။

ဩဇာအင်အား ကြီးမားသည့် ဝအဖွဲ့အစည်း ခေါင်းဆောင်များက NUG ကိုထောက်ခံကြောင်း ကတိပြုထားသလို MNDAA ကလည်း ယမန်နှစ်မှစ၍ NUG နှင့် PDF များကို လက်နက်များနှင့် သင်တန်းများ ပေးနေသည်။ နေပြည်တော်ရှိ စစ်တပ်အကြီးအကဲများက အဆိုပါ မဟာမိတ်ဖွဲ့စည်းမှု ကြီးထွားလာခြင်းကို ဖြိုခွဲလိုပြီး ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် တရုတ်၏ အကူအညီကို လိုအပ်နေသည်။ 

တရုတ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာန အယ်ဒီတာက မေးခွန်းထုတ်ခဲ့သည်။ တရုတ်အစိုးရက အရွေ့အပြောင်းများကို  စတင်လုပ်ဆောင်လာရာတွင် နေပြည်တော်ရှိ ရာဇဝတ်မှုကျူးလွန်ထားသော စစ်အစိုးရကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာသည်။ သမိုင်းကြောင်းအရ တရုတ်သည် မြန်မာပြည်အရေးတွင် အမှားဘက်၌သာ ရှိခဲ့သည်။ မြန်မာပြည်သူများ မုန်းတီးသည့် အာဏာရှင် အစိုးရများကို ထောက်ခံကာ လက်တွဲဆောင်ရွက်ခဲ့သည်။ ပိုအရေးကြီးသည့်အချက်မှာမြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများကို  မြန်မာပြည်သူများက နှစ်သက်သဘောကျခြင်း မရှိခဲ့ပေ။ တရုတ်အစိုးရအနေဖြင့် ၎င်း၏ ဦးစားပေးမှုများကို အပြောင်းအလဲ မလုပ်ပါက မြန်မာနိုင်ငံတွင် အောင်မြင်မှုမရနိုင်ကြောင်း အယ်ဒီတာ အောင်ဇော်က ထည့်သွင်းပြောကြားခဲ့သည်။ 

မြန်မာအပေါ် တရုတ်၏ အနိမ့်-အမြင့် အတက်အကျ အပြောင်းအလဲများနှင့် ပတ်သက်၍ ၎င်း၏ ယခင်လုပ်ရပ်မှတ်တမ်းများက မယုံကြည်နိုင်လောက်သည့် သံသယများဖြစ်စေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်သည် မြန်မာစစ်အစိုးရနှင့် ခပ်ခွာခွာနေခဲ့သော်လည်း အထူးသံတမန်သစ်ဒန်ရှီယန်းကို တရုတ်အစိုးရက ခန့်အပ်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ သိသာစွာ တိုးတက်ခဲ့သည်။ သူသည် စစ်တပ်နှင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များကို နယ်စပ်တွင် တွေ့ဆုံမှု များ လုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းများကို ပြန်လည်စတင်လိုကြောင်းနှင့် နိုင်ငံတကာက ပိုမိုတင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ထားသော်လည်း ရင်းနှီးမြှုပ်နှံမှုအသစ်များကို လုပ်ဆောင်လိုကြောင်း တရုတ်အထူးသံတမန်က ပြောကြားခဲ့သည်။ 

အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ကြားဝင်မစွက်ဖက်ရေးကို တရုတ်၏ ထုံးစံအတိုင်း အလေးထားခြင်း၊ ၎င်း၏ နယ်စပ်ဒေသများတွင် တည်ငြိမ်မှုအတွက် စိုးရိမ်ကြောင့်ကြမှုများ၊ မြန်မာနိုင်ငံအတွင်း ၎င်း၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများကို ကာကွယ်လိုခြင်းတို့ကြောင့် မြန်မာစစ်အစိုးရအပေါ် အရေးယူမှု၌ မပါဝင်ခြင်းဖြစ်သလို မြန်မာနိုင်ငံနှင့် ပတ်သက်၍ တင်းမာသည့် ရပ်တည်ချက်မထားရန် အာဆီယံအပါအဝင် အခြားနိုင်ငံများကိုလည်း တရုတ်က တိုက်တွန်းတောင်းဆိုခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly