ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းဖယ်ထုတ်သည့် စစ်ကောင်စီ

By မဇ္စျိမအယ်ဒီတာ့အာဘော်
30 March 2023
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းဖယ်ထုတ်သည့် စစ်ကောင်စီ

နေပြည်တော်ရှိ အာဏာသိမ်းစစ်ကောင်စီ စစ်ဗိုလ်ချုပ်ကြီးများသည် ယခုသီတင်းပတ်၏ မတ် ၂၈ ရက်တွင် နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အား ဖျက်သိမ်းမှုကို ကြီးကြပ်လုပ်ဆောင်စဉ် ၎င်းတို့၏ မျက်နှာများပေါ်တွင် အပြုံးတို့ ရှိနေခဲ့လိမ့်မည်ဟု ခံစားရနိုင်သည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရချိန်တွင် သူမ၏ NLD ပါတီအပြင် မှတ်ပုံပြန်တင်မည်မဟုတ်ဟု ပြောထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အပါအဝင် အခြားသော ပါတီ ၃၉ ခုကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်ခြင်းအားဖြင့် နိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှုအပေါ် နိုင်ငံရေးအရ ဆန့်ကျင်အတိုက်အခံပြုမှုကို နိဂုံးချုပ်စေလိုက်ပြီ ဆိုပြီး စစ်ဗိုလ်ချုပ်ကြီးများက ယုံကြည်နေမည်ပင် ဖြစ်သည်။

 ထို့ပြင် ယင်းသည် “စစ်တပ်ကို ယိမ်းသည့် ပါတီ” တစ်ခုက အနိုင်ရလိမ့်မည်ဆိုသည့် မျှော်လင့်ချက်နှင့်အတူ ယခုနှစ်နှောင်းပိုင်း သို့မဟုတ် လာမည့်နှစ်တွင် ကျင်းပရန် မဝံ့မရဲ စီစဉ်ထားသော ရွေးကောက်ပွဲတစ်ခုအတွက် အခြေအနေဖွင့်ပေးမည် ဆိုပြီး စစ်ဗိုလ်ချုပ်ကြီးများက ယုံကြည်နေကြသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း သို့မဟုတ် ပြန်လည်မှတ်ပုံတင်ရန်အတွက် နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် ခက်ခဲစေရန် ဖန်တီးထားသည်။ ထို့ပြင် စစ်ကောင်စီ ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲက “အတုအယောင် ရွေးကောက်ပွဲ” သာဖြစ်သည်ဟု NLD က ပြောပြီး ထိုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်သလို မှတ်ပုံပြန်တင်မည်မဟုတ်ကြောင်း ပြောထားသည်။

ရိုးရိုး ပြောရလျှင် စစ်တပ် လိုလားထောက်ခံသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ယခုရွေးကောက်ပွဲတွင် ထိပ်ဆုံးမှ အနိုင်ရလိမ့်မည်ဖြစ်ပြီး စစ်တပ်အုပ်ချုပ်မှုအပေါ် ဒီမိုကရေစီ အဖုံးအကာတစ်ခု ဖြစ်စေရင်း အတော်အသင့်သော ပြည်ပအစိုးရတို့ကလည်း ပိုနေမြဲ ကျားနေမြဲ အခြေအနေသစ်ကို အသိအမှတ်ပြုလိမ့်မည် ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းပါတို့က မျှော်လင့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနှင့် ဆက်သွယ်ခွင့် မပြုဘဲ အဆောက်အအုံငယ်တစ်ခု၌ သူမ၏ အချစ်တော်ခွေးလေးနှင့် အိမ်အကူများ မရှိဘဲ အကျဉ်းချထားသည့် အစိမ်းရောင်ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၊ စစ်တပ်ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြင် “ထိတ်လန့်စက်ဆုပ်ဖွယ်” လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ဆင်မှုများဖြင့် ၎င်းတို့အပေါ် ဆန့်ကျင်အတိုက်အခံပြုသူများကို ဖျက်ဆီးနှိမ်နင်းနိုင်လိမ့်မည် ဆိုပြီး မျှော်လင့်နေကြသည်။ ယခုသီတင်းပတ်အတွင်း အာဏာသိမ်းစစ်တပ်က တပ်မတော်နေ့အဖြစ် ကျင်းပသည့် အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အတိုက်အခံများကို “အကြမ်းဖက်သမားများ” အဖြစ် တံဆိပ်ကပ်သုံးနှုန်းပြောဆိုခဲ့သည်။

သို့သော် ဤအရာအားလုံးက ရှေ့ဆက်လက်ပြီး ဝရုန်းသုန်းကား အခြေအနေများအတွက် ဖန်တီးပေးခဲ့ပြီး နှစ်ဖက်စလုံးသည် ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေး တိုက်ပွဲတစ်ခုအတွင်း ရှိနေကြသည်။
မင်းအောင်လှိုင်သည် ပြည်သူလူထု၏ ပြင်းပြသော စိတ်ဆန္ဒ၏ စွမ်းအားကို ယခုအချိန်အထိ သဘောမပေါက်ဘဲ ဖြစ်နေသည်။ ပြန်ပြောင်း ရှုမြော်ကြည့်မည်ဆိုပါက ၎င်း၏ အာဏာသိမ်းမှုက ၎င်း မျှော်လင့်ခဲ့သည့် အခြေအနေကို ဖြစ်စေခဲ့ခြင်း မရှိပေ။ အာဏာသိမ်းမှုကို ကနဦးတွင် ဆန့်ကျင်ဆန္ဒပြလိမ့်မည်၊ ထို့နောက်တွင် သုန်သုန်မှုန်မှုန်ဖြင့် လက်ခံလိမ့်မည် ဆိုသည့် အခြေအနေမျိုးကို မင်းအောင်လှိုင်က မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တရားဝင်မှု မရှိသလို၊ အလွန် ဖျက်လိုဖျက်ဆီးရာ ရောက်သည်ဟု မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အများအပြားက ရှုမြင်သော လုပ်ငန်းစဉ်တစ်ခုကို ယခုအခါတွင်လည်း မင်းအောင်လှိုင်က ဇွတ်တိုးလုပ်ဆောင်နေသည်။

နွေဦးတော်လှန်ရေးအောက်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် အာဏာသိမ်းစစ်အုပ်စုအပေါ် စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ယှဉ်ပြိုင်ရန် ဖြစ်နိုင်ခြေရှိ နည်းလမ်းမှန်သမျှကို အသုံးပြုလုပ်ဆောင်လျက် ရှိသည်။ ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခြင်းနှင့် ပဋိပက္ခအပေါ် ဖြေရှင်းနည်းလမ်းတစ်ခုအတွက် တောင်းဆိုခြင်းအားဖြင့် အနောက်အုပ်စု အစိုးရများထံမှ ထောက်ခံမှုများ တိုးမြှင့်ရရှိနေသည်။

ယခု တုံ့ပြန်မှုက လှလှပပရှိမည်တော့ မဟုတ်ပေ။ အကယ်၍ ရွေးကောက်ပွဲလုပ်သားများ တိုက်ခိုက်ခံရ၊ သတ်ဖြတ်ခံရပါက ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးနှင့်ပတ်သက်ပြီး NUG ပင်လျှင် သတိပေးထားပြီး ယင်းက အတိုက်အခံတို့ကို ဂုဏ်သိက္ခာစွန်းထင်းစေနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုတို့ ရှိနေသည်။ 

သို့သော် နွေဦးတော်လှန်ရေးသမားများသည် ရွေးကောက်ပွဲ၌ စစ်အုပ်စု၏ မည်သည့်ကြိုးပမ်းမှုကိုမဆို ပျက်ပြားစေရေး ကြိုးပမ်းဖွယ် ရှိသည်။ တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်အုပ်စုကလည်း မုတ်သုံရာသီမတိုင်မီ ၎င်းတို့၏ “တိုက်ခိုက်ရေးရာသီ” ထိုးစစ်များနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့်လာမည့် လက္ခဏာများလည်း ရှိနေသည်။

သိသာထင်ရှားသည်က အာဏာသိမ်းစစ်အုပ်စုကို အပြတ်ရှင်းလင်းဖယ်ရှားရမည်ပင် ဖြစ်သည်။ ၎င်းတို့သည် တရားမဝင်သော အာဏာသိမ်းမှုကို ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ ယင်းအတွက်ကြောင့် ၎င်းတို့အနေဖြင့် ၎င်းတို့ ကျူးလွန်သော ပြစ်မှုများအတွက် တာဝန်ရှိသလို တာဝန်ခံမှု ရှိနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

မည်သို့ဆိုစေကာမူ ယင်းသည် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲတစ်ခု ဖြစ်သလို မြန်မာနိုင်ငံ၏ အသည်းနှလုံးအတွက် တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတွင် ဆယ်စုနှစ်များစွာကြာ စစ်တပ်အုပ်ချုပ်မှုနောက်ပိုင်း နွေဦးတော်လှန်ရေးအင်အားစုများက ယခုတစ်ကြိမ်တွင် ရွှေပြည်တော်မြန်မာပြည်ကြီး၏ အလယ်ဗဟိုရှိ အပုပ်အသိုး၊ အဆွေးအမြည့်များကို အပြီးအပြတ် ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly