“စိုင်းအေး(သို့မဟုတ်)ပစ္စန္တရစ်တိုင်းပြည်မှာ အချိန်ကိုက် ပေါ်ထွက်လာသူ”

By မောင်ကြီး
30 March 2023
“စိုင်းအေး(သို့မဟုတ်)ပစ္စန္တရစ်တိုင်းပြည်မှာ အချိန်ကိုက် ပေါ်ထွက်လာသူ”

စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံဟာ ဆိုးရွားပျက်စီးနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ကုလစင်မြင့်ထက်ကနေ ကမ္ဘာကိုအသိပေးလိုက်ပါတယ်။ မတ်လ ၁၆ ရက်က ကျင်းပခဲ့တဲ့ ကုလအထွေထွေညီလာခံကတစ်ဆင့် လတ်တလော မြန်မာ့နိုင်ငံရေးကို Noeleen Heyzer က အထက်ပါအတိုင်း ဖွင့်ချအသိပေးခဲ့တာပါ။

အဲဒီနေ့မှာပဲ မြန်မာ့လူ့အဖွဲ့အစည်းကို အထိတ်တလန့်ဖြစ်စေတဲ့ အကြောင်းအရာတစ်ခုကလည်း လူမှုကွန်ရက် ပေါ်မှာ အထိမ်းအကွပ်မဲ့တောမီးလို အလျှံညီးညီး တောက်လောင်လာခဲ့ပါတယ်။ ဒီတောမီးလောင်ကျွမ်းဖို့ စတင်မီးခတ်လိုက်သူကတော့ ရွှေခေါင်းလောင်းဆရာတော်လို့ နာမည်ကြီးနေတဲ့ စိုင်းအေးဆိုသူပဲဖြစ်ပါတယ်။

- စိုင်းအေးခေါ် ရွှေခေါင်းလောင်းဆရာတော်

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် အပျို‌ရွယ်မိန်းကလေးနှစ်ဦးကို ငွေကြေးနဲ့ ရောင်းချနေတဲ့ ဗီဒီယိုဖိုင်တစ်ခု မတ်လ ၁၆ ရက်မှာ ပျံ့‌နှံ့လာပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ နိစ္စဓူဝကြားသိနေရတဲ့ အနိဋ္ဌာရုံသတင်းဆိုးတွေကြား မျှော်လင့်ချက်တွေ ကြေမွပျက်သုဥ်းနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ပိဿလေးနဲ့ဘေးပစ်ခဲ့ပြန်တဲ့ ဖြစ်ရပ်မှန် ဗီဒီယိုဖြစ်သလိုရာဇဝတ်မှုတစ်ခုဖြစ်လာနိုင်ခြေရှိတဲ့ သက်သေသက္ကာယ မှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ရဲ့ အဓိကဇာတ်ကောင်ကတော့ စိုင်းအေး ခေါ် ရွှေခေါင်းလောင်းဆရာတော်ပါ။

ဗီဒီယိုဖိုင်မှာ စိုင်းအေးနဲ့အတူ ဆက်ကျော်သက် မိန်းကလေးငယ် ရှစ်ဦးထက်မနည်းပါဝင်ပါတယ်။မိန်းကလေးအချို့ရဲ့ ဖခင်လို့ဆိုတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်ပါတယ်။ မိန်းကလေး ခြောက်ဦးက ကင်မရာရိုက်ကွင်းနဲ့ ခပ်လှမ်းလှမ်းမှာရှိနေပြီး နှစ်ဦးက စိုင်းအေးရှေ့မှာပါ။ စိုင်းအေးက သူရှေ့ကမိန်းကလေးနှစ်ယောက်ကို ငွေကျပ်သိန်း ၇၀ နဲ့ ဈေးဖွင့် ရောင်းနေတာ တွေ့ရပါတယ်။

"ချောတယ်နော်။ အပျိုစစ်စစ်ဖြစ်တယ်။ ဒါက အသက် ၁၇ နှစ်။ အသက် ၁၅နှစ် လို့ပြောပြီးမိန်းကလေးနှစ်ဦးကို ဖုန်းကင်မရာနဲ့ အနီးကပ်ရိုက်ပြပြီး ရောင်းနေတာပါ။

"အဖေကိုယ်တိုင်ပြောတာ၊ ဒါက သိန်း ၃၀ ပါ။ ဒါက သိန်း‌ ၄၀၊ သိန်း ၄၀" လို့ပြောရင်း ဈေးခေါ်နေပြန်ပါတယ်။ မိန်းကလေးနှစ်ဦးကြား သူတို့သတ်မှတ်တဲ့ငွေကြေးပမာဏ ကျပ် ၁၀ သိန်းကွာဟနေတဲ့အပေါ် "ဘယ်လိုကွာလဲမသိဘူး" ဆိုပြီး ခပ်ထေ့ထေ့ရယ်လိုက်သေးသလို မိန်းကလေးငယ်နှစ်ဦးကိုဖုန်းကင်မရာနဲ့အနီးကပ်ရိုက်ပြရင်း အမနာပစကားတွေ ဆိုနေတာကိုလည်း ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။ ငွေနဲ့ဝယ်ပြီး သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းပေးဖို့လည်း သူက ပြောနေပြန်ပါတယ်။ ကာယကံရှင် မိန်းကလေးနှစ်ဦးကတော့ ရှက်ရွံ့ဟန်နဲ့ မလုံမလဲဖြစ်နေပါတယ်။ သူတို့ရှေ့ကစိုင်းအေးကို မလွန်ဆန်နိုင်လို့ နှုတ်ဆိတ်နေဟန်လည်း ပေါ်ပါတယ်။ ခပ်လှမ်းလှမ်းကဆယ်ကျော်သက်မိန်းကလေးငယ်တွေထဲက အချို့ကလည်း စိုင်းအေးရဲ့ပြုမှုပုံကို အကဲခတ်နေပြီးကင်မရာထဲမှာ သူတို့ပုံပါမှာစိုးရိမ်ဟန်နဲ့ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာ တွေ့ရပါတယ်။

နေလာလို့ နှင်းပျောက်သလိုပဲ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေ ပျက်သုန်းသွားတဲ့ စစ်အာဏာရှင်လက်ထက် ခေတ်ဆိုးခေတ်ကျပ်မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ဈေးတန်းသတ်မှတ်ပြီး ရောင်းပြနေတဲ့အထိ စည်းဘောင်လွတ်နေတဲ့ ဒီဖြစ်ရပ်အပေါ် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ‌တွေက ပြစ်တင်ဝေဖန်ရှုတ်ချကြပါတယ်။ အချို့က ဒေါသတကြီး ဆဲရေးတိုင်းထွာကြပါတယ်။ နှစ်မိနစ်ခန့်ကြာတဲ့ ဒီဗီဒီယိုဖိုင်ဟာ စစ်အာဏာရှင်လက်ထက် ပရမ်းပတာဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေးကို ထင်ဟပ်စေခဲ့ပါတယ်။ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြသည့်တိုင် စိုင်းအေးက ဂရုမစိုက်ခဲ့ပါဘူး။ ဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်ပေါ်မှာ နာရီပေါင်းများစွာကြာ‌အောင် တင်ထားခဲ့ပြီးမှ ပြန်ဖြုတ်ချသွားပါတယ်။

- စိုင်းအေးဆိုတာ ဘယ်သူလဲ

ရွှေခေါင်းလောင်းဆရာတော်အမည်ခံ စိုင်းအေး ဆိုတဲ့ပုဂ္ဂိုလ်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကန်နားလုံရွာဇာတိသားပါ။ အသက် ၄၉ နှစ်ရှိနေပါပြီ။ ငယ်စဉ်က ထိုင်းနိုင်ငံမှာနေခဲ့ပါတယ်။ သူယုံကြည်ကိုင်စွဲထားတဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေကတစ်ဆင့် စည်းရုံးတာတွေကို ထိုင်းနိုင်ငံမှာလည်း လုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ နှစ် ၂၀ နေခဲ့ပြီး ၂၀၁၂ မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ထိုင်းမှာနေခဲ့စဉ် ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။

စိုင်းအေးဟာ အခုမှ ဆိုင်းမဆင့်ဘုံမဆင့် ပေါ်ထွက်လာခဲ့တာမဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တာကာလအတွင်းမှာ နှာခေါင်းရှုံ့စရာ သတင်းစကားတွေနဲ့အတူ လူ့အဖွဲ့အစည်းကြားထဲ မြုပ်တစ်ခါပေါ်တစ်လှည့် ရောက်ရောက်လာတတ်ပါတယ်။

စိုင်းအေးက သူ့ကိုယ်သူ ခရစ်ယာန်ဘာသာရေးဆရာဘွဲ့ခံပြီး ဘုရားက သူ့ကိုစောင့်ရှောက်နေသလိုလို၊သူကိုယ်တိုင်က အကြားအမြင်ရနေသလိုလို ပြောစကားတွေနဲ့ ဝေးလံခေါင်ဖျားဒေသတွေဆီ ခြေဆန့်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးသူတွေကို ငွေတွေလှူပြပြီး ဘာသာရေးမဲဆွယ်တရားတွေ ဟောပါတယ်။ သူရောက်တဲ့ အထင်ကရဒေသတွေမှာလည်း ပြဿနာတွေ အကြိမ်ကြိမ်တက်ခဲ့ပါတယ်။ ဒီဆောင်းပါးအတွက် စုံစမ်းသိရှိရသလောက် သူဟာ ပြည်တွင်းက ဝ ဒေသ၊ နာဂဒေသ၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့တင်မက တရုတ်နိုင်ငံအထိ ဘာသာရေးနဲ့ပတ်သက်ပြီး ခြေဆန့်လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၂ နဲ့ ၂၀၂၂ ခုနှစ်ကြား ခြေဆန့်ခဲ့တဲ့ သူ့ရဲ့ အဲဒီခရီးစဉ်‌တွေမှာ ဒေသခံဘာသာရေးအသင်းအဖွဲ့တွေက သူ့ကို မလိုလားခဲ့ကြသလို ဒေသဆိုင်ရာအုပ်ချုပ်‌ရေးအဖွဲ့တွေကလည်း သတိပေးတာတွေ၊ တရားစွဲဆိုတာတွေလုပ်ခဲ့ကြပါတယ်။

နာဂဒေသကို ရောက်တဲ့အခါ နာဂစာပေနဲ့ယဉ်ကျေးမှုကော်မတီက သူ့ကို ခေါ်ယူစစ်ဆေးတားမြစ်ခဲ့ပါတယ်။ 'ဝ'ဒေသမှာဆိုရင် တရားစွဲဆိုစစ်ဆေးခံရပြီး ပြန်ထွက်ပြေးခဲ့ရပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်မှာတော့ ဘာသာရေးအသိုင်းအဝိုင်းက သူ့ကို ပိုပြီးသတိထားနေကြပါတယ်။

အင်အားကြီးတဲ့ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ဖြစ်တဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကဆိုရင် နိုင်ငံအနှံ့က သူတို့ရဲ့ဇုန်နယ် (ဒေသ) တွေမှာ လုံးဝခြေမချဖို့ စိုင်းအေးကို တရားဝင် စာထုတ်တားမြစ် သတိပေးခဲ့ပါတယ်။အခု စစ်ကောင်စီကဖမ်းဆီးထားတဲ့ KBCရဲ့ဥက္ကဋ္ဌဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကိုယ်တိုင် တစ်ချိန်က တရားဝင်စာထုတ်တားမြစ်ခဲ့တာပါ။

စိုင်းအေးဟာ ပြည်တွင်းမှာတင် ရပ်ကျော်ရွာကျော်တာ မဟုတ်ပါဘူး။ သူဟာ တရုတ်နိုင်ငံနယ်နိမိတ်ထဲအထိ သတင်းဆိုးနဲ့ နာမည်ကြီးဖူးပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ သူတရုတ်နိုင်ငံကိုရောက်နေချိန် တရုတ်ရဲက သူ့ကို လိုက်ဖမ်းပြီး ဒေသဆိုင်ရာ တရုတ်အစိုးရကိုယ်တိုင်က ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့မှာ ဖြစ်ခဲ့တာပါ။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးပုံပါ တရုတ်ငွေကြေး ယွမ်ပိုက်ဆံမှာ မကောင်းဆိုးဝါးပူးကပ်နေတယ်ဆိုပြီး ယွမ်ငွေစက္ကူအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အကျိုးဆက်ကတော့ စိုင်းအေးတို့ကို တရုတ်အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နှင် ထုတ်ခဲ့တယ်လို့ စုံစမ်းသိရှိခဲ့ရပါတယ်။

အထက်ဖော်ပြပါ နာဂဒေသဖြစ်ရပ်ကနေ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့ဖြစ်ရပ်အထိ ပြဿနာပေါင်းများစွာကို သူအမှန်တကယ်ကြုံတွေ့ခဲ့ရတယ်လို့ စိုင်းအေးကိုယ်တိုင်က ဆောင်းပါးရှင်ထံ ထုတ်ဖော်ဝန်ခံထားတဲ့ သက်သေတွေ ရှိထားပါတယ်။

"မော်စီတုန်းပုံထဲမှာ မကောင်းဆိုးရွားရှိတယ်။ နဂါးရှိတယ်ဆိုပြီး ကျနော့် ပရောဖက် (သူ့အကြားအမြင်ဆရာ) က မြင်သွားလို့ ဘုရားက မီးရှို့လို့ ( မီးရှို့ခိုင်းသည်ကို ဆိုလိုသည်) ရှို့လိုက်တာဖြစ်တယ်"

သူကြုံခဲ့တဲ့ ပြဿနာများစွာထဲကမှ တရုတ်‌ ပိုက်ဆံကို မီးရှို့ခဲ့တဲ့အပေါ် စိုင်းအေးက ပြန်ပြောတာပါ။

- စိုင်းအေး အခု ဘာတွေလုပ်နေလဲ

စာဖတ်သူအနေနဲ့ ဒီဆောင်းပါးကို အခု ဖတ်နေရင်းကနေ Facebook search box နေရာမှာ Media for Christ shwe လို့ ရိုက်ရှာကြည့်ပါ။ Media for Christ shwe ရွှေခေါင်းလောင်းဆရာတော် ရွှေ့အလင်းပေးသူဆိုပြီး page တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီ page ဟာ စိုင်းအေးကိုင်ထားတဲ့ page ပါပဲ။ သူ့ရဲ့ ဘာသာရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေကို အဲဒီ page ကနေ နေ့စဉ်တင်နေပြီး စာဖတ်သူကိုယ်တိုင်လည်း လေ့လာအကဲဖြတ်နိုင်ပါတယ်။

စိုင်းအေးက ဝေးလံခေါင်းဖျား တိုင်းရင်းသားဒေသတွေမှာ ရေလှူတာ‌တွေ၊ ငွေကြေးလှူတာတွေ၊အိမ်ဆောက်ဖို့လှူတာ‌တွေ လုပ်ပြတဲ့ ဗီဒီယိုဖိုင်တွေ သူ့ page ကနေ နေ့စဉ်ရက်ဆက်တင်ပါတယ်။ ရွာတွေကိုရောက်တိုင်း သူအများဆုံးပြောတာက ဘုရားကိုယုံဖို့၊ တောင်ယာလုပ်ခြင်း၊ မွေးမြုရေးလုပ်ခြင်း၊ပညာတတ်ခြင်းတို့က မချမ်းသာစေဘဲ ဘုရားဆီက အစွမ်းရမှသာ စည်းစိမ်ခံစားနိုင်မှာလို့ဟောပြောပါတယ်။ သန့်ရှင်းသော ဝိညာဥ်တော်ဟာ သူ့ထံမှာ ရှိနေတယ်လို့ မကြာခဏ ပြောတတ်ပါတယ်။

သူ နေ့စဉ်တင်နေတဲ့ ရုပ်သံဖိုင်တွေမှာ ကင်မရာရှုထောင့်ကို ပရော်ဖက်ရှင်နယ်ကျကျ ယူတတ်တာ တွေ့ရပါတယ်။ ကင်မရာရိုက်သူဟာ သူ့အရိပ်အခြေကို အတိအကျသိပါတယ်။ သူကြည့်တဲ့ဘက်ကို အလိုက်သင့် အချိန်ကိုက် လိုက်ချိန်တတ်ပါတယ်။ ဥပမာအားဖြင့် လှူဖို့အတွက် သူရောက်နေတဲ့အိမ်မှာအမိုးမလုံဘူးလို့ သူကပြောလိုက်တာနဲ့ ကင်မရာရိုက်သူက အိမ်အမိုးကို တန်းရိုက်ပြပါတယ်။ ကလေးတစ်ယောက်က ဖိနပ်အစုတ်စီးထားတာကို သူက လှူမယ်လို့ ပြောလိုက်တာနဲ့ ကင်မရာရိုက်ချက်ကလည်းအဲ့ဒီကလေးရဲ့ ဖိနပ်နဲ့ခြေထောက် တွဲလျက်မြင်ကွင်းကို ဂရုဏာသက်ဖွယ်ဖြစ်အောင် ရိုက်ပြပါတယ်။ဒီနည်းနဲ့ သူဟာ အလှူခံသလို ဘဏ်အကောင့်တွေလည်း ဖွင့်ထားပြီး သူဆီ ငွေလှူနိုင်ကြောင်း လူမှုကွန်ရက်ကနေ ကမ်းလှမ်းတတ်ပါတယ်။

သူရိုက်ပြတဲ့ ရုပ်သံဖိုင်တွေမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးကို အလေးမထားဘဲ အရှက်ရစေတဲ့ အပြုအမူတွေ ပါလေ့ရှိပါတယ်။ တစ်ခါတစ်ရံ ညစ်ညမ်းတဲ့စာတွေနဲ့ ရေးပြီး တွဲတင်လေ့ရှိပါတယ်။ တိုင်းရင်းသားဒေသတစ်ခုမှာဆိုရင် ဆင်းရဲပြီး စိတ်ကျန်းမာရေးချို့တဲ့နေတဲ့အမျိုးသမီးတစ်ယောက်ဟာ ဘယ်သူနဲ့ရမှန်းမသိတဲ့ ကိုယ်ဝန်ကနေ ကလေးမွေးတယ်ဆိုပြီး ရိုက်ပြပါတယ်။ အဲဒီအမျိုးသမီးမျက်နှာကို တည်ရိုက်ပြရင်း "သနားပါတယ်" လို့ သူ့နှုတ်ကပြောနေပေမယ့်သူ့လုပ်ရပ်ကတော့ အမျိုးသမီးကိုအရှက်ရစေပြီး မွေးလာတဲ့ကလေးရဲ့ အနာဂတ်ကိုပါထိပါးစေပါတယ်။

စိုင်းအေးဟာ အခုဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သိန္နီမြို့ကြား မန့်ပြိန်းဆိုတဲ့ရွာမှာရွှေ‌နန်းတော်လို့ အမည်ပေးထားတဲ့ အဆောက်အဦတစ်ခု ဆောက်နေပါတယ်။ ဧက ၅၀ အကျယ်ရှိတဲ့ဧရာမ‌ မြေနေရာပေါ်မှာ ဆောက်လုပ်နေဆဲ အတော် အတန်ကြီးတဲ့ အဆောက်အဦတစ်ခုပါ။ ဘယ်ကငွေနဲ့ ဘယ်လိုဆောက်နေတယ်ဆိုတာ သူက မပြောပါဘူး။ ဒီလိုတွေ ငွေသုံးနေနိုင်တဲ့အပေါ်လည်း ဒေသခံတွေကြားမှာ ပဟေဠိတစ်ခုလို ဖြစ်နေပါတယ်။ ဒီ‌နေရာဟာ သူယုံကြည်တဲ့ ခရစ်ယာန်ဘာသာရေးဆိုင်ရာသာသနာ့နယ်မြေလို့ စိုင်းအေးက ရည်ညွှန်းပါတယ်။ လတ်တလော သူ့ခြံဝင်းထဲမှာ ဝေးလံခေါင်ဖျားဒေသက ကလေး၊လူကြီးအရွယ်စုံကို ခေါ်ယူထားပါတယ်။ အခုဆိုရင် သူ့ခြံထဲမှာ ဦးရေ ၂၀၀ ခန့်ရှိနေပြီလို့ သိရပါတယ်။

- စိုင်းအေးလက်ထဲက အရွယ်စုံဘဝများရဲ့လားရာ

စိုင်းအေးက သူဟာ တပည့်အများကြီး မွေးထုတ်ပေးပြီးပြီလို့ ဆိုပါတယ်။ မုဆိုးမတွေ၊ ဘိန်းစားတွေ၊အားကိုးရာမဲ့နေသူတွေကို လက်ခံထားပြီး ကျွေးမွေးစောင့်ရှောက်နေတယ်ဆိုတာက သူ့လက်သုံးစကားဖြစ်ပါတယ်။ အဲဒီလို ဘဝအခြေယိုင်နေတဲ့သူတွေကို စိုင်းအေးက ငွေတွေလှူပြပါတယ်။ ပြီးရင် သူ့ခြံထဲခေါ်လာပါတယ်။ အဲဒီမိသားစုဝင် တွေထဲ ကလေး၊ လူငယ်၊ လူကြီး အကုန်ပါပါတယ်။ အဲဒီလူတွေအပြင် ပြည်တွင်းရော ပြည်ပမှာပါ သူ့တပည့်တွေအများကြီးရှိနေပြီလို့ဆိုပါတယ်။ ဘယ်နှစ်ဦးရှိပြီလဲလို့ မေးတဲ့အခါ အရေအတွက်ကို ပြောလို့မဖြစ်နိုင်ကြောင်း၊ ပြောလိုက်ပါက ဘုရားရဲ့ဘုန်းတန်ခိုးကိုလုယူရာရောက်တယ်လို့ တုံ့ပြန်ပါတယ်။ သူဟာ လူမှုကွန်ရက်ကတစ်ဆင့် အလှူခံသလို သူစုစည်းထားတဲ့တပည့်တွေဆီကလည်း ငွေတွေလက်ခံရရှိနေပါတယ်။ သူသုံးစွဲနေတဲ့ ငွေစာရင်းရှင်းတမ်းအကြောင်းကို မေးတဲ့အခါ ဘုရားဆိုတဲ့ သူ့လက်သုံးစကားနဲ့ပဲ တုံ့ပြန်ပါတယ်။

"ဘဏ်ထဲမှာ ပိုက်ဆံမသိမ်းထားဘူး။ ဘာကြောင့်လဲဆို ဘုရားသခင်က မသိမ်းခိုင်းဘူးလေ။ဘုရားသခင်က ကောင်းကင်ဘဏ်ကိုပဲစုပါလို့ ပြောထားလို့။ ပေးကမ်းခြင်းက ကောင်းကင်ဘဏ်ဖြစ်တယ်။ ဒါကြောင့် ဘယ်လောက်ဝင်ဝင် အကုန်ထုတ်ပြီး ချက်ချင်း ချက်ချင်းပေးတယ်" လို့ သူကဆိုပါတယ်။

အလှူငွေ ဘယ်လောက်ရနေလဲဆိုတာ မသိရပေမယ့် သူ့မှာ ပြည်တွင်းပြည်ပက အလှူရှင်တွေ ရှိတယ်လို့ဆိုပါတယ်။

စိုင်းအေးက သူတည်ထောင်ထားတဲ့ ရွှေနန်းတော်ကျောင်း တပည့်တွေထဲက အမျိုးသမီးတွေ ကလေးတစ်ယောက်မွေးရင် သုံးသိန်းကျပ်ပေးပါတယ်။ လိင်ဆက်ဆံခြင်းဟာ ဘုရားအလိုကျလို့ သူကဆိုပါတယ်။ လူဦးရေတိုးဖို့က သူ့ဦးစားပေးလို့ ဆိုပါတယ်။

"အဓိက ကလေးမွေးဖို့ ဦးစားပေးတယ်။ တစ်ယောက်‌ မွေးရင် တစ်ယောက် ဝိညာဥ်ရတယ်။ ဆယ်ယောက်မွေးရင် ဆယ်ယောက်စာရမှာပေါ့။ ဘုရားကမွေးခိုင်းတော့ အဓိက ကလေးမွေးဖို့ ဦးစားပေးတယ်" လို့စိုင်းအေးကဆိုပါတယ်။

ကလေးတွေ မွေးဖွားတဲ့အပေါ် ကျန်းမာရေးစောင့် ရှောက်မှု ဘယ်လိုပေးနေလဲမသိပေမယ့် စိုင်းအေးရဲ့ခြံဝင်းထဲက အဲဒီအခြေအနေတွေကို သူတို့သိမထားဘူးလို့ ကွတ်ခိုင်မြို့နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဒီနည်းနဲ့ မွေးဖွားခဲ့တဲ့ကလေးအရေအတွက်ကို မေးတဲ့အခါလည်း အလွန်များပြားနေပြီလို့သာ တုံ့ပြန်ပါတယ်။ ပြီးတော့ ထုံးစံအတိုင်း ဘုရားက မရေတွက်ခိုင်းဘူးလို့ ဆိုပြန်ပါတယ်။ နောက်ပြီး လက်ရှိ သူ့အုပ်ထိန်းမှုအောက်က ကလေးတွေ၊ လူငယ် တွေကို စိုင်းအေးက လက်ရှိအချိန်ထိ ပြင်ပ ကျောင်းမထားပါဘူး။ သူကိုယ်တိုင်ကလည်း စတုတ္တတန်းတောင်မအောင်ခဲ့ပါဘူး။ သူ့တပည့်တွေရဲ့အနာဂတ်မှာပညာတတ်ဖို့၊ ဘွဲ့ရဖို့ မလိုအပ်ကြောင်းနဲ့ ပညာတတ်တယ်ဆိုတာထက် ဘုရားကို ပိုသိဖို့ပဲလိုတယ်လို့ပြောပါတယ်။

သူ့အုပ်ထိန်းမှု သို့မဟုတ် ထိန်းချုပ်မှုအောက်က ကလေးငယ်တွေ၊ လူငယ်တွေရဲ့ အနာဂတ် ဘာဖြစ်လာမလဲလို့ မေးတဲ့အခါ "အချိန်တန်ရင် အားလုံးပြည့်စုံလာလိမ့်မယ်လို့ ဘုရားစကားရှိတယ်" လို့ စိုင်းအေးကပြောပြီး အားလုံးဟာ သူ့ရဲ့မျိုးဆက်သစ်တွေလို့ ဆိုပါတယ်။ ထိုထိုသော ကလေးတွေ၊ လူငယ်တွေရဲ့ နေ့စဉ်လူမှုဘဝဟာ လူ့အဖွဲ့အစည်းနဲ့ မျက်ကွယ်ရာဘက်ကို ရောက်နေသလို သူတို့အနာဂတ်ဟာလည်း စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။

နာဂဒေသ၊ ဝဒေသနဲ့ ရှမ်းနဲ့ကချင် ဝေးလံခေါင် ဖျား‌ဒေသတွေက လက်မခံတဲ့အခါ အခုဆိုရင် စိုင်းအေးရဲ့ဦးတည်ရာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသက လားဟူရွာ‌တွေ ဖြစ်လာပါတယ်။ ဆောင်းပါးပထမပိုင်းမှာဖော်ပြခဲ့တဲ့ မိန်းကလေးငယ်နှစ်ဦးကို ဈေးတင်ရောင်းတဲ့ဖြစ်ရပ်ကလည်း ကျိုင်းတုံမြို့က ရွာတစ်ရွာမှာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ် ကို ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက လာစစ်ဆေးသွားတယ်လို့နောက်ဆုံး သတင်းရပါတယ်။ ဒါပေမယ့် အရေးယူမှုတစ်စုံတစ်ရာ မရှိသေးပါဘူး။ ဥပဒေမဲ့နေတဲ့ခေတ်ကာလမှာ စိုင်းအေးကို စောင့်ကြည့်ရုံကလွဲလို့ ကျန်တဲ့အရေးယူမှုမျိုး လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ရှမ်းနဲ့ကချင် ဒေသခံအရပ်ဘက်အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေက ငြီးတွားပါတယ်။

စိုင်းအေးဟာ ဘာသာရေးနဲ့လူမှုရေးအကြောင်းပြပြီး လူတွေစုဆောင်းနေကြောင်းနဲ့ သူ့ထိန်းချုပ်မှုအောက်က လူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်နေနိုင်သလို တစ်ချိန်ချိန်မှာလူ့အဖွဲ့အစည်းကို အန္တရာယ်ပေးလာလိမ့်မယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက မှတ်ချက်ပေးပါတယ်။

"ဘာသာရေးဘောင်ထက်ကျော်လာပြီး လူ့အခွင့် အရေးပြဿနာတွေ ရှိလာနိုင်တယ်။ ဘာသာရေးအယောင်ဆောင်ပြီး ဘာမဆိုလုပ်လာနိုင်တယ်"

ဗုဒ္ဓစာပေလာ လူသူလေးပါးမနေသင့်တဲ့ ရပ်ပြစ်ရှစ်ပါးမှာ ပစ္စန္တရစ်အရပ်ဆိုတာပါပါတယ်။ပစ္စန္တရစ်အရပ်ဆိုတာ သာယာနာပျော်ခြင်းနဲ့ ဆန့်ကျင်ဘက်က လူ့အရိုင်းအစိုင်းတွေ ကြီးစိုးရာအရပ်လို့ဆိုပါတယ်။ ဘီးလူးစီးနေတဲ့ အာဏာရှင်မင်းမူရာ နိုင်ငံဟာလည်း ပစ္စန္တရစ်အရပ်၊ပစ္စန္တရစ်တိုင်းပြည်လို့ နိုင်ငံသားတွေက ခံစားလာကြရပါတယ်။ ဒီလို အကာလမှာပဲ စိုင်းအေးလို လူတစ်ယောက်ပေါ်လာခဲ့ပြန်ပါတယ်။

Noeleen Heyzer ကတော့ ကုလစင်မြင့်ထက်ကနေ ကြေညာခဲ့တဲ့ သူ့ရဲ့အစီရင်ခံစာ အဆုံးသတ်မှာမြန်မာနိုင်ငံဟာ ကြေကွဲဝမ်းနည်းဖွယ်ရာ‌တွေနဲ့ မသေချာမှုတွေရှိနေသည့်တိုင် နိုင်ငံအတွင်း မကြုံစဖူးစည်းလုံးညီညွတ်မှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး ခရီးကြမ်းက်ို ဇွဲနဘဲနဲ့ နှင်နေဆဲ မြန်မာလူထုကို ချီးကျူးအသိအမှတ်ပြုထားတာပါ။

လူမမယ် ကလေးငယ်တွေ၊ ဆယ်ကျော်သက် မိန်းမငယ်တွေ အပါအဝင် အရွယ်စုံလူတွေကို စုဆောင်းပြီး သူ့မျိုးဆက်အဖြစ် ပုံသွင်းမယ်လို့ ကြွေးကြော်ထားတဲ့စိုင်းအေးရဲ့ ခြေလှမ်းတွေကို ရပ်တန့်နိုင်ဖို့အတွက်ရော မြန်မာ့လူ့အဖွဲ့အစည်းမှာ Noeleen Heyzer ပြောသလို စည်းလုံးညီညွတ်မှုရှိပါရဲ့လား။ ဒီမေးခွန်းကို တစ်ချိန်ချိန်မှာ မြန်မာ့လူ့အဖွဲ့အစည်းကိုယ်တိုင် အဖြေပေးရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required