ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ဝူဟန်ရှိ တရားမဝင်ရောင်းဝယ်ဖောက်ကားသော တောရိုင်းတိရစ္ဆာန်များမှ အစပြုခဲ့ခြင်းဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ဝူဟန်ရှိ တရားမဝင်ရောင်းဝယ်ဖောက်ကားသော တောရိုင်းတိရစ္ဆာန်များမှ အစပြုခဲ့ခြင်းဖြစ်

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါသည် တောရိုင်းတိရိစ္ဆာန်များကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုမှ စတင်ဖြစ်ပွားခဲ့သည်ဆိုသော အထောက်အထားများကို တရုတ်စုံစမ်းစစ်ဆေးရေးမှူးများ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် ဖော်ပြခဲ့ကြောင်း The New York Times သတင်းစာတွင် ရေးသားထားသည်။

တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ဝူဟန်မြို့၌ ထူးဆန်းသော ဖျားနာမှုပုံစံအသစ် ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ သဲလွန်စရှာဖွေရန် စျေးတစ်ခုကို စစ်ဆေးခဲ့သည်။ တိရစ္ဆာန်များကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် လှောင်အိမ်များ၌ ကိုရိုနာဗိုင်းရပ်ပိုးများ တွေ့ရှိရကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

ကမ္ဘာ့အချက်အလက်သိုမှီးရေးစနစ်တွင် လျှို့ဝှက်သိမ်းဆည်းထားပြီး ၃ နှစ်အကြာမှ လူသိရှင်ကြားထုတ်ပြန်ခဲ့သည့် တို့ဖတ် (swab)မှ မျိုးဗီနမူနာများကို နိုင်ငံတကာ ပညာရှင်အဖွဲ့တစ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် တောရိုင်းတိရိစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းမှ အစပြုလာသည် ဆိုသည့်အငြင်းပွားမှုများကို အဆိုပါ ဓာတ်ခွဲနမူနာသက်သေအထောက်အထားများက အထောက်အကူပြုကြောင်း သိပ္ပံပညာရှင်များက မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့က သုတေသနများပြုလုပ်လာကြသောအခါ အချက်အလက် မူကြမ်းများကိုတင်ထားသည့် တရုတ်သုတေသီများက အချက်အလက်သိုမှီးရေးစနစ်မှ ၎င်းတို့ကို ဖယ်ရှားရန် တောင်းဆိုခဲ့သည်။ အချက်အလက်စီမံခန့်ခွဲသူများက ယခုအခါ နိုင်ငံတကာသုတေသီများအား အချက်အလက်ဝင်ရောက်ကြည့်ရှုခွင့်ကို ငြင်းပယ်ခဲ့သောကြောင့် လူပေါင်း ၇ သန်းကျော်သေဆုံးခဲ့ရသည့် ဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကို ရှာဖွေနိုင်မည့် အချက်အလက်ရရှိရေးကြိုးပမ်းရာတွင် အချက်အလက်သိုမှီးရေးစင်တာ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ 

ဈေးဝယ်တွန်းလှည်းတစ်ခုပေါ်မှရယူထားသည့် တို့ဖတ်နမူနာတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇလက္ခဏာများအပြင် ရက်ကွန်းခွေး၏ မျိုးရိုးဗီဇနမူနာ ၄၅၀၀ ကျော်တွေ့ရှိရသည်ဟု The New York Times သတင်းတွင် ဖော်ပြထားသည်။ လူသားနှင့်ပတ်သက်သည့် မျိုးဗီဇလက္ခဏာ တစ်ခုမျှ မပါဝင်ပေ။ 

လေ့လာမှုအရ အခြားပစ္စည်းများနှင့် စျေးအတွင်းမှ ရယူထားသော ကိုဗစ်ရောဂါပိုးရှိသည့် တို့ဖတ် (swab) အချို့တွင် လူသားများ၏ မျိုးဗီဇပစ္စည်းထက် တိရစ္ဆာန်များ၏ မျိုးဗီဇပစ္စည်းများ ပိုမိုပါဝင်နေသည်။

ဈေးမှ တိရစ္ဆာန်တစ်ကောင်ကောင်သည် ဗိုင်းရပ်စ်ရှိသူထံမှ ကူးစက်ခံရပြီး ဖျားနာသွားနိုင်သည်။ ရောဂါစတင်ဖြစ်ပွားပြီး မကြာမီ အဆိုပါဈေးအတွင်းရှိ တိရိစ္ဆာန်များကို ရှင်းလင်းပစ်ခဲ့သည့်အတွက် တိရစ္ဆာန်တစ်ကောင်ကောင်သည် ၎င်းဗိုင်းရပ်စ်ကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ကူးစက်ခံခဲ့ရခြင်း ရှိ၊ မရှိ သိပ္ပံပညာရှင်များက ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

ယင်းကဲ့သို့ အရေးကြီးသော အချက်အလက်များကို ကမ္ဘာတစ်ဝန်းမှ မသိစေရန် ၃ နှစ်ကြာ လျှို့ဝှက်ထားသည့် တရုတ်နိုင်ငံကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က လွန်ခဲ့သည့် သီတင်းပတ်က ပြစ်တင်ရှုတ်ချခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly