ဖလမ်း - ဟားခါးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း ပစ်ခတ်ခံရပြီး ၄ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
23 March 2023
ဖလမ်း - ဟားခါးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း ပစ်ခတ်ခံရပြီး ၄ဦးသေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးသွားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ အတည်ပြု ပြောကြားသည်။ 

မတ်လ ၁၄ရက် ယမန်နေ့ မနက် ၁၀နာရီ ၄၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်ယဉ်တန်းကို ဖလမ်းမြို့မှ ခြောက်မိုင်ခန့်အကွာတွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးပေါင်း ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ 

“ကျနော်တို့ ပြောက်ကျားပုံစံနဲ့သွားပစ်ခဲ့တာပါ ၊ လေးယောက်သေတာကတော့ အသေအချာပဲ” ဟု CNDF ပြောခွင့်ရသူက ပြောပြသည်။ 

အဆိုပါယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်း၍ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် အထိခိုက်အကျဆုံးများလျက်ရှိကြောင်းသိရသည်။ 

မတ်လ ၁၂ရက် မှ ၁၉ရက်အတွင်း တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၁ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိထားကြောင်းလည်း မတ်လ ၂၁ရက်နေ့တွင် CNDF မှ ထုတ်ပြန်ခဲ့သည်။ 

မတ်လ ၁ရက်နေ့ ဖလမ်းမြို့နယ် ဗားလုံးရွာအကျော်တွင် တိုက်မိုင်းထိ၍ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများရှိကြောင်း ဆိုသည်။ 

မတ်လ ၁၄ရက်နေ့တွင် ဇောင်းလေးကျေးရွာအလွန်တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား လေးဦး တစ်စစီလွင့်စင်သွားခဲ့ကြောင်းနှင့် ၁၂ဘီးကားတစ်စီး သုံးမရအောင်ပျက်စီးသွားခဲ့သဖြင့် လမ်းတွင်ချန်ထားရစ်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ယင်းနေ့ ညနေ ၅နာရီအချိန်တွင် ဇောင်လေးကျေးရွာနှင့် ထင်းရှူးပင် စခန်းအကြားတွင် ၄၅မိနစ်အကြာ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများအများအပြားရှိကြောင်းသိရသည်ဟု ဆိုသည်။ 

တဖန် မတ်လ ၁၇ရက် ညနေ ၄နာရီ ၄၅မိနစ်အချိန် နှင့် ည၇နာရီအချိန်တို့တွင် ပါသဲရ် ကျေးရွာအနီးတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

ဆက်လက်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၁၈ရက်နေ့တွင် ပါးသဲရ်ကျေးရွာအကျော်တွင် မွန်းလွဲ ၁နာရီ ၄၀မိနစ် ၊ ညနေ ၃နာရီနှင့် ညနေ ၄နာရီ ၃၀မိနစ်အချိန်တို့တွင် သုံးကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးပြီး ဒဏ်ရာရှိသူများရှိကြောင်းဆိုသည်။ 

မတ်လ ၁၉ရက်နေ့တွင် ကြောင်ဟဲ နှင့် စီ - ဇာမွာလ် ကျေးရွာအကြားတွင် ပဒေသာ ရှေ့ထွက်မိုင်း ခုနှစ်လုံး မိုင်းဆွဲခဲ့ပြီး ပစ်ခတ်မှုများထပ်မံပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ် မှ အသေအပျောက် ဒဏ်ရာရရှိသူများရှိသော်လည်း အရေအတွက်အတိအကျမသိရှိရ သေးကြောင်း ဖော်ပြသည်။ 

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ ကျည် ၁၇၀ တောင့် ၊ လက်ပစ်ဗုံး ၊ နင်းမိုင်း ၊ အီနာဂါ စသည့်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်းဆိုသည်။ 

ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အချို့တိုက်ပွဲများတွင် CNA နှင့် CDF – Hualngoram တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်း တို့ မဟာမိတ် အဖွဲ့များမှ အကျအဆုံးမရှိကြောင်း CNDF ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ 

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် ကလေးမြို့မှ မတ်လ ၇ရက်နှင့် ၉ရက်မှ စ၍ ချင်းပြည်နယ်သို့ သံချပ်ကား နှစ်စီး ၊ JCV (မြေကော်စက်)တစ်စီးနှင့် ကုန်တင်ယာဉ် ၃၀ ပါဝင်ပြီး အင်အား ၁၀၀ခန့်နှင့် ထွက်ခွာလာခြင်းဖြစ်သည်။ 

ဖလမ်း - ဟားခါးလမ်းမကြီးတွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် မိဘ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ကြရန် သတိပေးထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly