ကိုရိုနာဗိုင်းရပ်၏ မူလဇာစ်မြစ်ဆိုင်ရာ အချက်အလက်များကို တရုတ်က ဖုံးကွယ်ထားဟု WHO  စွပ်စွဲ

ကိုရိုနာဗိုင်းရပ်၏ မူလဇာစ်မြစ်ဆိုင်ရာ အချက်အလက်များကို တရုတ်က ဖုံးကွယ်ထားဟု WHO  စွပ်စွဲ

ကိုရိုနာဗိုင်းရပ်၏ မူလဇာစ်မြစ်ကို ဖော်ထုတ်နိုင်ဖွယ်ရှိသော သိပ္ပံနည်းကျသုတေသနများကို ထိမ်ချန်ထားမှုအတွက် တရုတ်အရာရှိများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြစ်တင်ရှုတ်ချခဲ့ကြောင်း The New York Times က ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို လွန်ခဲ့သည့် ၃ နှစ်က မထုတ်ဖော်ခဲ့ခြင်း၏ အကြောင်းရင်းများနှင့် ဇန်နဝါရီလက အွန်လိုင်းတွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအား ယခုမတွေ့မြင်တော့သည့်ကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တရုတ်အရာရှိတစ်ဦးအား မတ် ၁၆ ရက်က မေးမြန်းခဲ့သည်။

အင်တာနက်ပေါ်တွင်တင်ထားသော အချက်အလက်များ မပျောက်ကွယ်ခင် ဗိုင်းရပ်စ်ကျွမ်းကျင်သူ နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့က အဆိုပါအချက်အလက်များကို သိမ်းဆည်းပြီး သုတေသန စတင်လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံ ဝူဟန်ဟွမ်နန် ပင်လယ်စာ လက်ကားဈေးတွင် တရားမဝင် ရောင်းချနေသည့် ရက်ကွန်းဝံအကောင်များမှ ကပ်ရောဂါ စတင်ဖြစ်ပွားနိုင်သည်ဟူသော အချက်အလက်ကို သုတေသနအဖွဲ့က ထုတ်ဖော်ခဲ့သည်။

သို့သော် ကျွမ်းကျင်သူများက တရုတ်နိုင်ငံမှ လုပ်ဖော်ကိုင်ဖက်များအား သုတေသနကို ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလိုက်ချိန်တွင် မျိုးဗီဇဆိုင်ရာ အချက်အလက်များကို တရုတ်က ဖယ်ရှားလိုက်သောကြောင့် နောက်ဆုံးရလဒ်ကို မရနိုင်ခဲ့ကြောင်း The New York Times က ဖော်ပြခဲ့သည်။

"ဒီအချက်အလက်တွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက မျှဝေထားသင့်တယ်။ ဖျောက်ထားတဲ့ အထောက်အထားတွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချက်ချင်းမျှဝေဖို့ လိုအပ်ပါတယ်”  ဟု WHO ၏ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရော့စ်အက်ဒါနွမ်က ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကို ဖြန့်သူအဖြစ်သိထားကြသည့် မြေခွေးကဲ့သို့သော ရက်ကွန်းဝံတိရစ္ဆာန်များ၏ DNA မျိုးဗီဇအထောက်အထားများကို ကိုရိုနာဗိုင်းရပ်စ်သစ်လက္ခဏာများတွေ့ရှိခဲ့သည့် ဝူဟန်ဈေးတွင် တွေ့ရကြောင်း ကျွမ်းကျင်သူအဖွဲ့ကဆိုသည်။
တိရစ္ဆာန်များသည် ၎င်းဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် လူသို့ တစ်ဆင့်ကူးစက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိချက်များက ပြသနေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

နောက်ဆုံးပြုလုပ်သည့် သုတေသနတွင် မပါဝင်ခဲ့သော ကျွမ်းကျင်ပညာရှင်များကလည်း ၎င်းတို့စုဆောင်းခဲ့သော ဓာတ်ခွဲနမူနာများအရ ဝူဟန်ဈေးမှ တိရစ္ဆာန်များသည် ကပ်ရောဂါကို စတင်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်ဟု  New York Times ကဖော်ပြခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly