ပူတင်ကို အိုင်စီစီက ဖမ်းဝရမ်းထုတ်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်များ

ပူတင်ကို အိုင်စီစီက ဖမ်းဝရမ်းထုတ်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်များ

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ရုရှား ကော်မရှင်နာ မာရီယာ အလက်ခ်ဆီယက်ဗ်နာ လဗိုဗာ-ဘီလိုဗာ တို့ကို မတ်လ ၁၇ ရက်တွင် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

အောက်ပါတို့သည် ဖမ်းဝရမ်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်တချို့ ဖြစ်သည်။

စွပ်စွဲချက်များ

နှစ်ဦးစလုံးသည် အထူးသဖြင့် ကလေးငယ်များ အပါအဝင် လူများကို ဥပဒေနှင့်ဆန့်ကျင်လျက် နိုင်ငံမှ နှင်ထုတ်မှုဆိုင်ရာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း၊ ၎င်းတို့ကို သိမ်းပိုက်ခံ ယူကရိန်းနယ်မြေများမှ ရုရှားဖက်ဒရေးရှင်းသို့ တရားမဝင် လွှဲပြောင်းပို့ဆောင်ခြင်းတို့အတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည်။

အကြောင်းပြချက်များ

ပူတင်သည် ပြစ်မှုများကို တိုက်ရိုက် ကျူးလွန်ခြင်းအတွက်၊ အခြားသူများနှင့်အတူ ပူးပေါင်းလျက် နှင့်/ သို့မဟုတ် အခြားသူများမှတစ်ဆင့် ကျူးလွန်ခြင်းအတွက် တစ်ဦးချင်း ရာဇဝတ်မှုဆိုင်ရာ တာဝန်ယူရရန် ရှိသည်ဟု ယုံကြည်ရသည့် ယုတ္တိတန်သော အကြောင်းပြချက်များကို တွေ့မြင်ထားကြောင်း အိုင်စီစီက ပြောသည်။

ထို့ပြင် ပူတင်သည် ပြစ်မှုကျူးလွန်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် သို့မဟုတ် ကျူးလွန်မှုများအတွက် ခွင့်ပြုပေးခဲ့သည့် ၎င်း၏ အရပ်ဖက်နှင့် စစ်ဖက် လက်အောက်ငယ်သားများ၊ ၎င်း၏ လက်တွေ့ ထိန်းချုပ်မှုဩဇာအာဏာအောက်တွင် ရှိသူများအပေါ် အထက်လူကြီး၏ တာဝန်ဝတ္တရားနှင့်အညီ မှန်မှန်ကန်ကန် ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ကြောင်း အိုင်စီစီက ပြောသည်။

အလားတူ လဗိုဗာ-ဘီလိုဗာသည် ပြစ်မှုကျူးလွန်သော လုပ်ရပ်များကို တိုက်ရိုက် ကျူးလွန်ခြင်း၊ အခြားသူများနှင့် ပူးပေါင်းကျူးလွန်ခြင်း၊ သို့မဟုတ် အခြားသူများမှတစ်ဆင့် ကျူးလွန်ခြင်းအတွက် တစ်ဦးချင်း ရာဇဝတ်မှုဆိုင်ရာ တာဝန်ကို ခံရရန် ယုံကြည်ရရန် ယုတ္တိတန်သော အကြောင်းပြချက်များ တွေ့ရှိထာသည်ဟု တရားရုံးက ပြောသည်။

အပိုင်းအခြား

ရုရှားက ယူကရိန်းအပေါ် စတင်ကျူးကျော်သည့် ၂၀၂၂ ၊ ဖေဖေါ်ဝါရီ ၂၄ ရက်မှ စပြီး သိမ်းပိုက်ခံ ယူကရိန်းနယ်မြေများတွင် ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ကိုယ်ရေးအချက်အလက်များ

ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ကို ၁၉၅၂ ၊ အောက်တိုဘာ ၇ ရက်တွင် မွေးဖွားသည်။

မာရီယာ အလက်ခ်ဆီယက်ဗ်နာ လဗိုဗာ-ဘီလိုဗာကို ၁၉၈၄ ၊ အောက်တိုဘာ ၂၅ ရက်တွင် မွေးဖွားသည်။

တရားစီရင် ပိုင်ခွင့်

ရုရှားနှင့် ယူကရိန်းတို့သည် အိုင်စီစီ အဖွဲ့ဝင်နိုင်ငံများ မဟုတ်ပေ။ ထို့ပြင် ရုရှားအစိုးရကလည်း ၎င်းတို့အနေဖြင့် အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဟု ထပ်တလဲလဲ ပြောထားသည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် ယူကရိန်းက အိုင်စီစီထံ လွှဲပြောင်းပေးမှုတစ်ရပ်အရ ယင်း၏ နယ်မြေနယ်နိမိတ်အပေါ်တွင် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ယင်းတို့ကို ရုရှားနိုင်ငံသားများက ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် အိုင်စီစီအဖွဲ့ဝင်မဟုတ်သည့် အခြားသော နိုင်ငံများမှ နိုင်ငံသားများ ကျူးလွန်သည်ဖြစ်စေ၊ ယင်းတို့နှင့်ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့်ကို တရားရုံးထံ ပေးအပ်သည်။

 

အနက်အဓိပ္ပါယ်

ယခု ပူတင်နှင့် လဗိုဗာ-ဘီလိုဗာတို့အပေါ် ဖမ်းဝရမ်းထုတ်မှုအရ အကယ်၍ ၎င်းတို့သည် အိုင်စီစီ အဖွဲ့ဝင်နိုင်ငံများသို့ လာရောက်ပါက ထိုအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့ကို မဖြစ်မနေ ဖမ်းဆီးရမည် ဖြစ်သည်။ သို့သော် အိုင်စီစီတွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ သို့မဟုတ် ဖမ်းဆီးမှုများကို အာဏာတည်စေမည့် အခြားနည်းလမ်းများ မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required