မြန်မာပြည်သူတွေက စစ်ကောင်စီအပေါ် လုံးဝ မယုံကြည်ကြောင်း အထူးကိုယ်စားလှယ် စ္စနိုလင်းဟေဇာ ကုလသမဂ္ဂမှာတင်ပြ

မြန်မာပြည်သူတွေက စစ်ကောင်စီအပေါ် လုံးဝ မယုံကြည်ကြောင်း အထူးကိုယ်စားလှယ် စ္စနိုလင်းဟေဇာ ကုလသမဂ္ဂမှာတင်ပြ

မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မတ်လ ၁၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးလေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံအမတ်တွေကို တင်ပြခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကြေညာထားတဲ့ကာလကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထပ်ပြီးသက်တမ်းတိုးလိုက်ကြောင်း၊ အဲဒီနောက် တိုက်ပွဲတွေ အရှိန်မြှင့်လာပြီး၊ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးလုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဖိနှိပ်မှုတွေ လုပ်နေပေမယ့် မြန်မာပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ 

ပြန်လည်ခုခံနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီက အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲထားပေမယ့်၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထောက်ပြနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အဲဒီဆုံးဖြတ်ချက်ထဲမှာပါသလို အကြမ်းဖက်တာတွေ ရပ်မသွားတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးခြင်းမရှိတာတွေကိုလည်း မစ္စနိုလင်းဟေဇာက ထောက်ပြပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိနေပြီး၊ အားလုံးနဲ့ တွေ့ဆုံနိုင်ရေးက သူ့အတွက် အရေးကြီးတယ်လို့လည်း ပြောသွားပါတယ်။

မစ္စနိုလင်းဟေဇာဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနစ် အောက်တိုဘာလအတွင်းက ခန့်အပ်ခံရပြီး နောက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနစ် ဩဂုတ် ၁၇ ရက်မှာ  ပထမဆုံးအကြိမ် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ (UN) အထူးသံတမန် အနေဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ ခြင်းဟာ စစ်ကောင်စီအပေါ် တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း မစ္စနိုလင်းဟေဇာ က ပြောကြားခဲ့ပါတယ်။

မစ္စနိုလင်းဟေဇာရဲ့  ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် ထောင်သွင်းအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့ပေမယ့်  စစ်ကောင်စီက ငြင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှာကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးရသူတွေရဲ့ ရုပ်အလောင်းပုံတွေကို ပြသခဲ့သလို၊ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေကို တကယ်လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်ရောက်အောင် နယ်စပ်ကနေတစ်ဆင့်ပို့ပေးရေး၊ သက်ဆိုင်ရာနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်များအား ကာကွယ်ပေးရေး၊ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေ  ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသူတွေကို အရေးယူပေးဖို့၊ ICC ဒါမှမဟုတ် ICJ နိုင်ငံတကာ တရားရုံးတွေကို လွှဲပြောင်းပေးရေး၊  အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်၊ NUCC ၊ တိုင်းရင်းသားအဖွဲ့တွေအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြဖို့ ကုလအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာကို တောင်းဆိုချင်ပါတယ်လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် အရှက်မဲ့တဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့နဲ့  လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ ငွေကြေးတွေ စစ်ကောင်စီလက်ထဲရောက်နေတာကို ရပ်တန့်အောင် လုပ်ဆောင်ဖို့ကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required