စစ်ကောင်စီနှင့် ဆက်နွယ်သည့် မြန်မာကုမ္ပဏီထံမှ ကျွန်းသစ်ကို အမေရိကန်ကုမ္ပဏီ ဝယ်ယူ

By မဇ္ဈိမ/ Penrose Thitsa
09 March 2023
စစ်ကောင်စီနှင့် ဆက်နွယ်သည့် မြန်မာကုမ္ပဏီထံမှ ကျွန်းသစ်ကို အမေရိကန်ကုမ္ပဏီ ဝယ်ယူ
Photo-AFP

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်အခြေစိုက် နှစ်သက်တမ်း ၂၂၀ ရှိ သစ်ရောင်းဝယ်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သည့် J. Gibson Mcllvain Co., သည် မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်သည့် သစ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု၏ ကုမ္ပဏီခွဲတစ်ခုထံမှ ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ကျွန်းသစ်အချပ်ပြားများကို ဝယ်ယူခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက ဒီမိုကရေစီ လိုလားသော ထောက်ခံသူများအပေါ် လူမဆန်ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းနေခဲ့သည့် ၂၀၂၁ နွေရာသီကာလအတွင်း အဆိုပါ ဝယ်ယူမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း The New Zealand Herald ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာ၏ အကောက်ခွန် အေဂျင်စီမှ ပြင်ပသို့ပေါက်ကြားလာသော မှတ်တမ်းများအရ မြန်မာစစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်သောအားဖြင့် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂတို့က မြန်မာ၏ တစ်ဦးတည်း ချုပ်ကိုင်ထားသော ကျွန်းသစ် ထုတ်လုပ်သည့် လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက်ပိုင်း ၂၀၂၁ နှင့် ၂၀၂၂ တွင် J. Gibson Mcllvain Co., က လုပ်ဆောင်ခဲ့သည့် ကုန်ဝယ်ယူပို့ဆောင်မှု အနည်းဆုံးနှစ်ခုတွင် အထက်ပါ ဝယ်ယူမှုလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

J. Gibson Mcllvain Co., ကျွန်းသစ်ဝယ်ယူခဲ့သည့် Win Enterprise Ltd သည် ထိုစဉ်အချိန်က ဒဏ်ခတ်ပိတ်ဆို့မှုများအောက်တွင် ရှိမနေခဲ့သော်လည်း ယင်းသည် နိုင်ငံတွင် တစ်ဦးတည်း ချုပ်ကိုင်ထားသော သစ်လုပ်ငန်းနှင့် အေဂျင်စီတစ်ခုက အများစု ပိုင်ဆိုင်သော သစ်လုပ်ငန်းတစ်ခုဖြစ်သည့် သစ်တောထုတ်ကုန် ဖက်စပ်လုပ်ငန်း ကော်ပိုရေးရှင်း (FPJV) ၏ လုပ်ငန်းတစ်ခုအဖြစ် နိုင်ငံတွင် တစ်ဦးတည်း ချုပ်ကိုင်ထားသော သစ်လုပ်ငန်း၏ ဝက်ဘ်ဆိုဒ်တွင် စာရင်းသွင်းထားသည်။ ထိုစာရင်းသွင်းမှုက အမှားတစ်ခုဖြစ်ကြောင်း Win Enterprise က ပြောသည်။

J. Gibson Mcllvain Co., က “ကမ္ဘာ့ နေရာတိုင်းရှိ သစ်တောများမှ လာသော ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တစ်ခုလုံးတွင် အလုံးစုံ အရည်အသွေး ထိန်းချုပ်မှု” ရှိစေရန် လုပ်ဆောင်သည်ဟု ပြောသည်။ ထို့ပြင် third-party တတိယအဖွဲ့အစည်း စာရင်းစစ်လုပ်ငန်းများမှတစ်ဆင့် သစ်တောထုတ်ကုန်များ ထိန်းသိမ်းစောင့်ရှောက်မှု ကွင်းဆက်ကို အတည်ပြုစစ်ဆေးသည့် သစ်တောဆိုင်ရာ ကြီးကြပ်အုပ်ချုပ်မှု ကောင်စီ (FSC) က ထုတ်ပေးသော အစိမ်းရောင် “တာဝန်ခံမှုရှိသော သစ်တော” လိုဂိုတစ်ခုကို J. Gibson Mcllvain Co., က ထင်ထင်ရှားရှား ပြသထားသည်။ သို့သော် မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်သည့် ကုမ္ပဏီတစ်ခုထံမှ ကျွန်းသစ်ကို ဝယ်ယူခြင်းကြောင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်များအပေါ် ပိုမို တင်းကျပ်စွာ ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ခြင်းနှင့် ထောက်ခံချက်များ၏ ထိရောက်မှုနှင့်ပတ်သက်ပြီး မေးခွန်းများကို ထွက်ပေါ်စေသည်။

မြန်မာ့ကျွန်းသစ်သည် ယင်း၏ သိပ်သည်းမှုနှင့် ရာသီဥတုဒဏ်ခံနိုင်စွမ်းကောင်းမှုကြောင့် ကမ္ဘာတစ်ဝန်း ဇိမ်ခံရွက်လှေများနှင့် အဆင့်မြင့် ပရိဘောဂ ထုတ်လုပ်သူများအတွက် အဖိုးတန်သော ရင်းမြစ်တစ်ခုဖြစ်သည်။ အလားတူ ယင်းသည် မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် အရေးပါသော ဝင်ငွေ ရင်းမြစ်တစ်ခုလည်း ဖြစ်နေသည်။

အာဏာသိမ်းစစ်တပ်သည် ခုတ်လှဲထားသည့် သစ်များကို တရားမဝင် သိမ်းယူပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုများ အပါအဝင် ၎င်းတို့၏ ကျူးလွန်နေမှုူများအတွက် ငွေကြေးထောက်ပံ့ရန် ယင်းတို့ကို ရောင်းချကြောင်း သတင်းများအရ သိရသည်။

ယခုကဲ့သို့ မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်သည့် လုပ်ငန်းတစ်ခုမှ ကျွန်းသစ်ကို အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက ဝယ်ယူသည့်ကိစ္စ ထွက်ပေါ်လာမှုက မြန်မာရှိ ပဋိပက္ခစစ်ဇုန်များတွင် တာဝန်ခံ၊ တာဝန်ယူမှုရှိသော ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များကို ထိန်းသိမ်းရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေသည်။ ထို့ပြင် ယင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးစေခြင်းတို့ကို ကုမ္ပဏီများ အမှုမှတ်အမှတ်မဲ့ ပံ့ပိုးပေးရာ မရောက်စေရေး တားဆီးရန် ပိုမို အားကောင်းသည့် စည်းမျဉ်းထိန်းသိမ်းကြပ်မတ်မှုဆိုင်ရာ မူဘောင်များ လိုအပ်နေကြောင်းကို ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required