ကိုဗစ်-၁၉  ဝူဟန်ဓာတ်ခွဲခန်းမှ စတင်ဖြစ်ပွားခဲ့ကြောင်း အက်ဖ်ဘီအိုင်အကြီးအကဲ အတည်ပြု

ကိုဗစ်-၁၉  ဝူဟန်ဓာတ်ခွဲခန်းမှ စတင်ဖြစ်ပွားခဲ့ကြောင်း အက်ဖ်ဘီအိုင်အကြီးအကဲ အတည်ပြု

ကိုဗစ်-၁၉ ကပ်ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်း၏ မတော်တဆဖြစ်ရပ်မှ အစပြုခဲ့ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက  မတ်လ ၁ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

"ကိုဗစ်-၁၉ ကပ်ရောဂါသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းဖြစ်ရပ်မှ စတင်ဖြစ်ပွားခဲ့ဖွယ်ရှိသည် ဟူသောအချက်ကို မိမိတို့အဖွဲ့က ဆန်းစစ်သုံးသပ်ထားကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက အတည်ပြုခဲ့သည်" ဟု အဆိုပါ အဖွဲ့က  တွစ်တာတွင် ရေးသားခဲ့သည်။

စုံစမ်းစစ်ဆေးမှုအချက်အလက်သစ်များအရ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားရာတွင် ဓာတ်ခွဲခန်း မတော်တဆယိုစိမ့်မှုက အဖြစ်နိုင်ဆုံးအကြောင်းရင်းဖြစ်ကြောင်း စွမ်းအင်ဌာနက ကောက်ချက်ချခဲ့ပြီးနောက် ယခုကဲ့သို့ အက်ဖ်ဘီအိုင်က ပြောကြားလာခဲ့ခြင်းဖြစ်သည်။

“ကပ်ရောဂါရဲ့ မူလအစဟာ ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းယိုစိမ့်မှုဖြစ်စဉ်တစ်ခုခုကြောင့် စတင်ခဲ့တာ အဖြစ်နိုင်ဆုံးလို့ အက်ဖ်ဘီအိုင် ကသုံးသပ်ထားပါတယ်၊ မိမိတို့ အစိုးရနဲ့ ရင်းနှီးတဲ့ ပြည်ပမိတ်ဖက်တွေ လုပ်ဆောင်မှုမှန်သမျှကို တရုတ်နိုင်ငံက လိုက်နှောင့်ယှက်ပြီး ဟန့်တားဖို့ အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ သတိပြုမိမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ 

  အမေရိကန်ဥပဒေပြုအမတ်များ အထူးသဖြင့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များသည် ကပ်ရောဂါ၏ဇာစ်မြစ်ကို မိမိတို့ အစီအစဉ်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အချက်အလက်များ ထပ်မံရရှိရန် ဘိုင်ဒင်အစိုးရနှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းကို ဖိအားပေးလျက်ရှိသည်။

စွမ်းအင်ဌာနကလည်း ဗိုင်းရပ်စ်သည် တရုတ်ဓာတ်ခွဲခန်း မတော်တဆမှုမှတစ်ဆင့် ကူးစက်နိုင်ဖွယ်ရှိကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) နည်းတူ ပြောကြားခဲ့သည်။
စွမ်းအင်ဌာနသည် ထောက်လှမ်းရေးအချက်အလက်အသစ်များအရ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ ယင်းဌာနသည် သိပ္ပံနည်းပညာ ကျွမ်းကျင်မှုမြင့်မားပြီး အဆင့်မြင့် ဇီဝဗေဒဆိုင်ရာ သုတေသနများပြုလုပ်လျက်ရှိသည့် ဓာတ်ခွဲခန်းအချို့အပါအဝင် အမေရိကန် နိုင်ငံတော်ဓာတ်ခွဲခန်းကွန်ရက်ကို ကြီးကြပ်ရသောကြောင့် ၎င်း၏ ကောက်ချက်ချမှုသည် အရေးပါသည်။ 

နိုဗယ်ကိုရိုနာဗိုင်းရပ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလထက် နောက်မကျဘဲ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပထမဆုံးပျံ့နှံ့ခဲ့ကြောင်း အမေရိကန်၏ ၂၀၂၁ ခုနှစ် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကပ်ရောဂါ၏မူလဇာစ်မြစ်နှင့်ပတ်သက်ပြီး  ပညာရှင်များ၊ စုံစမ်းထောက်လှမ်းရေးကျွမ်းကျင်သူများနှင့် ဥပဒေပြုအမတ်များကြားတွင် အပြင်းအထန် ဆွေးနွေးငြင်းခုံခဲ့ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စုံစမ်းစစ်ဆေးမှုများကို ကန့်သတ်ထားသည့် တရုတ်နိုင်ငံက အဆိုပါဗိုင်းရပ်စ်ပိုးသည် ၎င်း၏ဓာတ်ခွဲခန်းတစ်ခုမှ ပျံ့နှံ့လာခြင်းဖြစ်နိုင်ကြောင်း ပြောဆိုချက်ကို ပယ်ချခဲ့ကာ တရုတ်နိုင်ငံပြင်ပတွင် စတင်ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုထားသည်။ ကိုဗစ်-၁၉ ၏ဇာစ်မြစ်အပေါ် အမြင်သဘောထား ပြောင်းလဲမှု ရှိ၊မရှိ မှတ်ချက်ပေးရန် တောင်းဆိုချက်ကိုလည်း တရုတ်အစိုးရက ဖြေကြားခဲ့ခြင်း မရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required