ကရင်နီစစ်မျက်နှာက အရိုး၊ အကြော အထူးကု ဒေါက်တာအောင်ကြီး

By ဝေယံမိုး
23 February 2023
ကရင်နီစစ်မျက်နှာက အရိုး၊ အကြော အထူးကု ဒေါက်တာအောင်ကြီး

စစ်ကောင်စီတပ်သားများနှင့် လယ်တစ်ကွက်စာအကွာလောက်သာဝေးသည့်နေရာကနေ ပစ္စတိုတစ်လက်၊ အိုင်ကွန်တစ်လုံးကို ကိုင်ပြီး   ဒေါက်တာအောင်ကြီးက အော်ဟစ်အမိန့်ပေးနေခဲ့သည်။ မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေးက သူ့မျက်နှာမှာ ပြည့်နှက်နေအောင် မရိတ်သိမ်းနိုင်အားဖြစ်နေခဲ့သည်။

“ သူ ( ဒေါက်တာအောင်ကြီး) ရဲလို့လည်း ကျွန်တော်တို့ ရှေ့ကိုတက်ရဲတာလေ၊    လေယာဉ်တွေ ဘာတွေ လာတာဆိုလည်း ေ--က်ဂရုစိုက်မနေနဲ့ ဘာညာဆိုပြီး ရှယ်အော်ပေးတာ” ဟု   ‌ဦးအောင်ကြီးနှင့်အနီးကပ်ရှိခဲ့သည့်  အသက် ၂၃ နှစ်အရွယ် ရဲဘော်ရဲရင့်က အားပါးတရ ပြန်ပြောပြနေခြင်းဖြစ်သည်။

အထူးကုဆရာဝန်ကြီးတစ်ယောက် တောတွင်းရှေ့တန်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေနှင့် တိုက်ပွဲဝင်ဖို့ ရောက်ရှိနေခဲ့သည်ဆိုခြင်းက ကျနော့်အတွက်မယုံနိုင်ဖွယ်ရာပင်ဖြစ်လို့နေသည်။
ရန်ကုန်ဇာတိဘွား အသက် ၅၂ နှစ်အရွယ် ဦးအောင်ကြီးသည် အရိုးအကြောအထူးကုဆရာဝန်တစ်ဦးဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ KDF (ကရင်နီဒီမိုကရက်တစ်တပ်ဦး) ထောက်ပို့ မစုစုကပြောပြသည်။  ဒေါက်တာအောင်ကြီးသည် အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်သလို  တရားဟော ဘုန်းတော်ကြီး (Senior Pastor Of Yangon Burmese Christian Church) နှစ်ခြင်း လည်းဖြစ်သည်။

"သူ ( ဒေါက်တာအောင်ကြီး) က ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတာပေါ့၊ ... ရန်ကုန်က ယူဂျီလူငယ်‌တွေကတော့ သူ့ကို ဂိုဏ်းချုပ်ကြီးဆိုရင်သိကြတယ်" ဟု ဒေါက်တာအောင်ကြီးအကြောင်း တစ်ပိုင်းတစ်စအား မစုစု ကပြန်ပြောပြသည်။
ဒေါက်တာအောင်ကြီးသည် စစ်အာဏာသိမ်းမှုကိုလက်မခံသူဖြစ်သည်နှင့်အညီရန်ကုန်မြို့တွင် ယူဂျီလှုပ်ရှားသူလူငယ်တစ်ဦးဒဏ်ရာသည့်အခါ ဆေးကုသပေးမှုကြောင့်  စစ်ကောင်စီက သူ့ကို ၂၀၂၁ ခုနှစ် ဇွန်လအတွင်း   ဖမ်းဆီးခဲ့သည်။ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောရေး ငရဲခန်းတွင် ငါးလနီးပါး အလူးအလိမ့်ခံခဲ့ရသည်ဟု သိရသည်။

"သူ့ကို တင်ပျင်ခွေခိုင်းထားပြီး ဝါးခြမ်းပြားနဲ့ တစ်နေ့လုံးထိုင်ရိုက်တာတဲ့၊ ခြေဖဝါးတွေကိုလည်း သံချောင်းကို မီးဖုတ်ပြီးရိုက်တာတဲ့" ဟု ဒေါက်တာအောင်ကြီး KDF စခန်းရောက်ခါစက ပြောပြခဲ့သည်များကို  မစုစုက ပြန်လည်ပြောပြနေခြင်းဖြစ်သည်။  
ကရင်နီပြည်နယ်လို ရာသီဥတုအေးလှသည့်ဒေသ ညအချိန်များတွင် ဒေါက်တာအောင်ကြီးမှာ စစ်ကြောရေးတွင်နှိပ်စက်ခံရသည့် ဒဏ်များကြောင့် ကိုက်ခဲမှုပြင်းထန်ရာ ရဲဘော်များက နင်းနှိပ်ပေးရလေ့ရှိသလို သူ့ကိုယ်သူ ဆေးထိုး ဆေးကုရသည်။
၂၀၂၁ နှစ်ကုန်ပိုင်း ထောင်မှလွတ်သည်နှင့် ကရင်နီဒေသ ရှေ့တန်းစစ်မျက်နှာသို့  ဒေါက်တာအောင်ကြီးရောက်လာခဲ့သည်။ KDF ရောက်တော့ သူက ဆေးကုသရေးထက် စစ်ကောင်စီတပ်အားသုတ်သင်ရာတွင် ပါဝင်တိုက်ခိုက်ရန် စိတ်အားထက်သန်နေခဲ့သည်။ ရှေ့တန်းစခန်းရောက်မလာခင်ကပင်    ရိုင်ဖယ်တစ်လက်ဝယ်ယူထားပြီးဖြစ်သော်လည်း ၎င်းရောက်လာသည့်အခါ စခန်းမှ တာဝန်ရှိသူများက ရှေ့တန်းမထွက်စေလိုကြ။  အချိန်က  ယမန်နှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းဖြစ်သည်။  

ထိုကာလတွင်  တော်လှန်ရေးအင်အားစုများပြန့်ကြဲနေစဲဖြစ်ပြီး  စစ်ဦးစီးခေါင်းဆောင်မှု သေချာစွာမရှိသေးသော်လည်း ရှမ်း−ကယားနယ်စပ် မိုးဗြဲမြို့နယ်ထဲရှိ ဝါရီဆူးပလိုင်ကျေးရွာအနီး မိုးဗြဲ - နန်းမယ်ခုံ လမ်းကြောပိုင်းအတွင်း တိုက်ပွဲများရှိနေခဲ့သည်။ စစ်​ေ ကာင်စီတပ်ဘက်မှ သံချပ်ကာကားများ၊  လေကြောင်းပစ်ခတ်မှုများ လက်နက်ကြီးပစ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရာက တိုက်ပွဲများပေါ်လာခဲ့ခြင်းဖြစ်သည်။ ဒီလိုအနေအထားမှာ   လူငယ်များအကြား အသက်အရွယ်အရ ဦးဆောင်နိုင်မှုနှင့် ဝောာ်လှန်ရေးစိတ်ဓာတ်ပြင်းထန်မှုက အနီးရှိလူငယ်ရဲဘော်များက ဒေါက်တာအောင်ကြီး၏ အမိန့်ပေးဦးဆောင်မှုကို လိုက်နာခဲ့ကြသည်။ တိုက်ပွဲပြင်းထန်သည့်တစ်နေ့ ဒဏ်ရာရရှိသည့် ရဲဘော်များကို    ဆေးသွားကုသရင်း ဒေါက်တာအောင်ကြီးမှာ စစ်ကြောင်းမှူးတစ်ပိုင်းဖြစ်သွားခဲ့သည်။

ကုန်းမြင့်ဘေးနံဘေး အကာအကွယ်ယူထားသည့် ဒေါက်တာအောင်ကြီးနှင့်ရဲဘော်အချို့မှာ ကျည်ချွေတာရင်း စစ်ကောင်စီတပ်သားအား အပိုင်မြင်တွေ့ရသည့်အခါ ထထပြီးပစ်နေကြသည်။ "အဲ့မှာ အဲ့မှာ တွေ့လား ကျွန်တော် ကျည် နှစ်တောင့်ပဲကျန်တော့တာလေ၊ တစ်တောင့်ထပစ်တာ" ဟု JPDF မှ ရဲဘော်က ၎င်းရိုက်ကူးထားသော ရုပ်သံကိုပြရင်း ပြန်ပြောပြသည်။

စစ်ကောင်စီတပ်ဘက်ကမူ မဲမဲမြင်ရာ မနားတမ်းပစ်နေသလို လွိုင်ကော်ဘက်မှ ၁၂၀ မမ လက်နက်ကြီးများအပြင် အနီးတွင်အသင့်ရှိနေသည့် သံချပ်ကာကားများကလည်း အဆက်မပြတ်ပစ်နေခဲ့သည်။  တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သားများသေဆုံးမှုကိုလည်း အနီးကပ်မြင်‌တွေ့ခဲ့ရသည်။

"တချို့စစ်ကောင်စီတပ်သားတွေဆို သံချပ်ကာကားတွေပေါ်ကို ပြေးပြေးတက်တာ ကျွန်ဝော်တို့က တစ်၊ နှစ်၊ သုံး ပြိုင်တူအော်ပြီးဖြုတ်ကြတာ ကားခနဲ ကားခနဲပဲ " ဟု ထိုနေ့တိုက်ပွဲတွင် ပစ်ခတ်ခဲ့ပုံကို JPDF ရဲဘော်က ပြန်ပြောပြသည်။
ကျည်အင်အားမလုံလောက်သည့်တော်လှန်ရေးရဲဘော်များသည် နောက်တန်းမှ ကျည်လာပို့သည်ကိုစောင့်ရင်း သံချပ်ကာကားများအားတက်သိမ်းရန် ပြင်ဆင်နေကြသည်။ ကျည်နှင့်ရေရောက်သည်နှင့်တစ်ပြိုင်နက် ကျည်ဖြည့် ရေသောက် လုပ်နေချိန် ညနေ ၅ နာရီအချိန်တွင် ဒေါက်တာအောင်ကြီးနှင့် ရဲဘော်များအနီး ၁၂၀ မမ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲဝောာ့သည်။

"အုန်းကနဲ အသံကြားတာနဲ့ ကျွန်တော်က လွင့်သွားတာ ကျွန်တော့ရှေ့ကကောင်ဆို လည်ပင်းတွေပွင့်ထွက်သွားတာ။ ဒေါက်တာအောင်ကြီးလည်း ညာဘက် တစ်ခြမ်းလုံးစုတ်ပြတ်သွားတယ်။ လက်တွေလည်း တွဲလောင်းကြီး ပြတ်ခါနီး" ဟု ထိုနေ့က အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ရဲဘော် ရဲရင့်က MCIJ ကို ပြောသည်။  ထိုနေ့တိုက်ပွဲတွင် ဒေါက်တာအောင်ကြီး (အသက် ၅၂ နှစ်)၊ ငွေပု (အသက် ၁၈ နှစ်)၊ ရဲလင်း (၂၁နှစ်)၊ ဝိုင်းချစ် (၁၇ နှစ၊မောင်ညို (၂၁နှစ်)၊ သူရဲ (၂၁ နှစ်) ၊ဗိုလ်လောလော် (၂၆ နှစ်) အပါအဝင် ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ရသည်။

ထို့နောက် ဒဏ်ရာရ ရဲဘော်များအား ဆွဲ၍ ပြေးသူကပြေး ပြန်ခံပစ်သူကပစ်နှင့် တော်လှန်ရေးရဲဘော်များ ဆုတ်ခွါခဲ့ရသည်။ စစ်ကောင်စီဘက်ကလည်း တရကြမ်း ထိုးစစ်ဆင်ကာ တစ်လနီးပါး တိုက်ခိုက်ခဲ့ပြီးတော်လှန်ရေးအင်အားစုများစိုးမိုးထားရာ မိုးဗြဲ− နန်းမယ်ခုံ လမ်းကြောအား သိမ်းယူခဲ့ကြသည်။  

အဆိုပါကာလတွင် စစ်ကောင်စီမှာ ကရင်နီပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားယိုင်နဲ့လာပြီးနောက် စစ်ကောင်စီတပ် ဒုတိယကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် အဆိုပါဒေသကို  ရောက်ရှိလာပြီး   အကြမ်းပတမ်းနှိမ်နင်းနေသည့်ကာလဖြစ်သည်။  စစ်အင်အား ၃၀၀ ကျော်ထပ်ဖြည့်ထားပြီး သံချပ်ကာကား၊ လက်နက်ကြီးပစ်ကူနှင့် တပ်မ (၆၆) ကို စေလွှတ်ထားသည်။

 ကရင်နီဒေသသည် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့်  ၁၂၃မိုင်သာကွာဝေးပြီး   လက်နက်ကိုင်အဖွဲ့ အများအပြားရှိသည့်   ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့်    စစ်ကောင်စီအတွက် နေပြည်တော်မကျရေး အခရာကျသည့် ဒေသတစ်ခု ဖြစ်သည်။
တစ်လတာကြာခဲ့သည့်တိုက်ပွဲကြီးသည် ကရင်နီဒေသ စစ်မျက်နှာတွင် အကြီးမားဆုံးဖြစ်ခဲ့သည့်တိုက်ပွဲဖြစ်ပြီး တော်လှန်ရေး  ရဲဘော် ၃၀ ဝန်းကျင်အသက်စွန့်ခဲ့ရသည်။ ဒေါက်တာအောင်ကြီး     ကျဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း   မိခင်တပ် KDF ရဲဘော်များက ယနေ့အထိ နှမြောတသမဆုံးဖြစ်နေကြသည်။

"နှမြောတာပေါ့ဗျာ ဆရာဝန်ဆိုရင် ဆရာဝန်အနေနဲ့ လုပ်စေချင်တာပေါ့။ သူ့လိုလူကရှားတယ်လေ။ သူရှိတုန်းကဆို ဒီကတော်လှန်ရေးအဖွဲ့တွေ ဆေးဝါး ဘာညာ သူတော်တော်လေးလုပ်ပေး ကူပေးနိုင်ခဲ့တာ" ဟု JPDFမှရဲဘော်ကပြောသည်။
ဒေါက်တာအောင်ကြီးအပါအဝင် ရဲဘော်အများစု၏ ရုပ်အလောင်းများအား ၎င်းတို့ကျဆုံးပြီး လေးရက်မြောက်နေ့မှ ပြန်လည်ရရှိကာ အမိန့်ပြန် သဂြိုဟ်ပေးနိုင်ခဲ့ကြသည်။  

လုပ်ထုံးလုပ်နည်း အစဉ်အလာများအရ       “ ရဲဘော် ဒေါက်တာအောင်ကြီး သင်သည် ကျွန်ုပ်တို့ KDF နှင့်လုံးဝ မသက်ဆိုင်တော့ပါ သင်သွားလိုရာသွားနိုင်ပါပြီ ဟူသည့်အမိန့်ပြန်ခဲ့သော်လည်း  မပြီးဆုံးသေးသည့် ဝော်လှန်ရေးအတွင်း ရှေ့တန်းစစ်မျက်နှာများတွင် ဒေါက်တာအောင်ကြီးရှိနေဦးမည်သာ။ အလားတူ   ဒေါက်တာအောင်ကြီးလို ပုဂ္ဂိုလ်အများအပြားလည်း ဆက်ရှိပြီး    တော်လှန်ရေးအတွက် တိုက်ပွဲနေဦးမည်သာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required