ကိုဗစ်၏မူလဇာစ်မြစ်ကို အဖြေရှာတွေ့သည်အထိ တရုတ်ကို တွန်းအားပေးသွားမည်ဟု WHO အကြီးအကဲ ကတိပြု

ကိုဗစ်၏မူလဇာစ်မြစ်ကို အဖြေရှာတွေ့သည်အထိ တရုတ်ကို တွန်းအားပေးသွားမည်ဟု WHO အကြီးအကဲ ကတိပြု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကိုဗစ်၏ မူလဇာစ်မြစ်အား ရှာဖွေမှုကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် WHO အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အဖြေမရမချင်း တွန်းအားဆက်ပေးသွားမည်ဖြစ်ကြောင်း WHO အကြီးအကဲ တက်ဒရော့စ်အဒန်နွမ် ဂယ်ဘရီယယ်ဆက်စ်က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

"အဖြေမရမချင်း ဆက်လက်တွန်းအားပေးသွားဖို့ လိုပါတယ်” ဟု တက်ဒရော့စ်က ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံတွင် စတင်ပျံ့နှံ့ခဲ့သော ဗိုင်းရပ်စ်၏ဇာစ်မြစ်ရှာဖွေမှုကို ရည်ညွှန်းကာ သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 စတင်ပေါ်ပေါက်ရာနေရာနှင့် လူများအကြား ပျံ့နှံ့လာပုံကို အဖြေရှာခြင်းသည် အနာဂတ်တွင် ဖြစ်လာနိုင်သည့် ကပ်ရောဂါများကို ကာကွယ်ရာတွင် အရေးကြီးသည်ဟု ယူဆထားသည်။
"ဒီကပ်ရောဂါ ဘယ်လိုစတင်ဖြစ်ပွားခဲ့တယ်ဆိုတာ သိရဖို့ အလွန်အရေးကြီးပါတယ်” ဟု တက်ဒရော့စ်က ဆိုသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ရင်ဆိုင်နေရပြီး ကိုဗစ်ဇာစ်မြစ်ရှာဖွေမှုကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း Nature ဝက်ဘ်ဆိုက်၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့ပြီးနောက် WHO အကြီးအကဲက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တက်ဒရော့စ်က  တရုတ်နိုင်ငံရှိ ထိပ်တန်းအရာရှိတစ်ဦးထံ မကြာသေးမီက စာတစ်စောင်ပေးပို့ခဲ့ပြီး  ရောဂါစတင်ဖြစ်ပွားပုံကိုသိရှိနိုင်ရေး သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန်နှင့် ပွင့်လင်းမြင်သာရှိရန် လိုအပ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။

ကိုဗစ်မူလဇာစ်မြစ်ရှာဖွေမှုကို မစွန့်လွှတ်ရသည့် အကြောင်းရင်း၂ ရပ်ရှိကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။

“ပထမအချက်အနေနဲ့ နောက်ထပ် ကပ်ရောဂါမဖြစ်ပွားအောင် တားဆီးဖို့ ဒီကပ်ရောဂါ ဘယ်လိုစတင်ဖြစ်ပွားခဲ့တယ်ဆိုတာ သိပ္ပံနည်းအရ သိဖို့လိုပါတယ်” 
"ဒုတိယအချက်က ကျင့်ဝတ်ပိုင်းအရပါ။ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ခံစားခဲ့ရကာ တစ်ကမ္ဘာလုံး ဗိုင်းရပ်စ်ပိုးရဲ့ ဓားစာခံဖြစ်သွားခဲ့ရပါတယ်၊ မိမိတို့ချစ်ရသူတွေကို ဘယ်လိုဆုံးရှုံးခဲ့ရသလဲဆိုတာ သိရဖို့ ကျင့်ဝတ်ပိုင်းအရ အလွန်အရေးကြီးပါတယ်" ဟု WHO အကြီးအကဲက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly