၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ တွင် ထုတ်ယူနိုင်

By မေဘယ်လ်သူ
17 February 2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ တွင် ထုတ်ယူနိုင်

မဇ္ဈိမ။        ။ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ၏ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန််ထားသည်။

တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် တနင်္လာနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပြီး၊ ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိကျင်းပမည်ဖြစ်ပြီး၊ မတ် ၈ ရက်တွင် မြန်မာစာ၊ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်တွင် သင်္ချာ၊ မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ် ၁၆ ရက်တွင် ပထဝီဝင်၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့် မတ် ၁၈ ရက်တွင် စိတ်ကြိုက် မြန်မာစာတို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်မှ ၁၈ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် လျှောက်ထားသူဦးရေ ၁၈၀,၀၀၀ ကျော်ရှိပြီး၊ လျှောက်ထားသူဦးရေမှာ အရပ်သားအစိုးရလက်ထက် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၉၁၀,၀၀၀ ကျော်ဖြင့် နှိုင်းယှဥ်ကြည့်ပါက သိသိသာသာကွာဟနေပြီး၊ ယမန်နှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၂၈၀,၀၀၀ကျော်ဖြင့် နှိုင်းယှဥ်ပါကလည်း ၁၀၀,၀၀၀ ကျော် လျော့ကျသွားခြင်းဖြစ်သည်။

စစ်ကောင်စီလက်ထက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၂၈၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ၁၃၀,၀၀၀ ကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required