မြန်မာအရပ်သားများကို ဗုံးကြဲတိုက်ခိုက်ရန် တရုတ်က စစ်အာဏာရှင်ကို တိုက်လေယာဉ်များ ထောက်ပံ့နေ

မြန်မာအရပ်သားများကို ဗုံးကြဲတိုက်ခိုက်ရန် တရုတ်က စစ်အာဏာရှင်ကို တိုက်လေယာဉ်များ ထောက်ပံ့နေ

မြန်မာနိုင်ငံရှိ အားကိုးရာမဲ့ အရပ်သားပြည်သူများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံက အကြမ်းဖက်စစ်တပ်ကို ခေတ်မီ တိုက်လေယာဉ်များ ကူညီပေးလျက်ရှိသည်။ ကိုယ်ကျိုးစီးပွားနှင့်ပတ်သက်လာလျှင် တရုတ်ကွန်မြူနစ်ပါတီဝင်များအတွက် လူ့အခွင့်အရေးသည် အရေးမပါကြောင်း ယင်းလုပ်ရပ်များက ကမ္ဘာကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

စစ်ကောင်စီလေတပ်သည် FTC-2000G တိုက်လေယာဉ်အများအပြားကို တရုတ်နိုင်ငံမှ မှာယူထားကြောင်း ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။ လေယာဉ်မောင်းနှင်ပျံသန်းခြင်းနှင့် လေယာဉ်တွင်တပ်ဆင်ထားသည့် လက်နက်စနစ်များကို ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ လေ့ကျင့်မှုများပြုလုပ်ရန် လေတပ်မှ လေယာဉ်မှူး ၈ ဦးခန့်၊ နည်းပညာရှင် ၈ ဦးနှင့် လက်နက်ပိုင်းဆိုင်ရာ အရာရှိ ၂ ဦးထက်မနည်းပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကူမင်းမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ 

တိုက်လေယာဉ်များ ပေးပို့ခြင်းနှင့်ပတ်သက်သည့် သတင်းများကို လျှို့ဝှက်ထားသော်လည်း ပထမဆုံး အသုတ်အဖြစ် Mountain Eagles ဟုခေါ်သည့် နောက်ဆုံးမျိုးဆက် တိုက်လေယာဉ် ၆ စင်းကို ပို့ဆောင်ပေးခဲ့ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများကို ကိုးကား၍ လေကြောင်းကဏ္ဍဆိုင်ရာ သတင်းများကိုဖော်ပြနေသည့် ဝက်ဘ်ဆိုက်မဂ္ဂဇင်းဖြစ်သော Aero Time က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖော်ပြခဲ့သည်။ 

အဆိုပါ တိုက်လေယာဉ်များသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။  ယင်း တိုက်လေယာဉ်များပေးပို့မှုကို ဒေသတွင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များက အတည်ပြုခဲ့ကြောင်း ထင်ရှားသော ကာကွယ်ရေးဆိုင်ရာ စာစောင်တစ်ခုဖြစ်သည့် Janes တွင် ဖော်ပြခဲ့သည်။ 

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီး ၂ နှစ်အတွင်းတွင် ပြင်းထန်သော လက်နက်ကိုင်တော်လှန်ရေးကို ချေမှုန်းရန် မြန်မာနိုင်ငံရှိ ကျေးရွာများတွင် လူများသေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သည့်ဖြစ်ရပ်များသည် တိုက်လေယာဉ်များ ပေးပို့သည့်သတင်းများနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။

“စစ်ကောင်စီတပ်သည် မဟာမိတ်များဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့က ပံ့ပိုးထားသည့် တိုက်လေယာဉ်များနှင့် လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များကို လုံးလုံးလျားလျား မှီခိုနေရသည်” ဟု Myanmar Witness အဖွဲ့နှင့် အခြားလူ့အခွင့်အရေးအဖွဲ့အစည်းများကို ကိုးကား၍ ထိုင်းနိုင်ငံမှ ပေးပို့သည့် AP သတင်းတစ်ပုဒ်တွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြခဲ့သည်။ Myanmar Witness အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၃၅ ခုကို မှတ်တမ်းတင်ပြုစုထားသည်။
လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ စတင်ပြီး မြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ လေတပ်က ဝိတိုရိယတောင်ရှိ ချင်းအမျိုးသားတပ်ဦး၏ ဌာနချုပ်ပေါ်သို့ ကြဲချခဲ့သော ဗုံး ၅ လုံးအနက်မှ ၁ လုံးသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ချန်းပိုင်ခရိုင်အတွင်း ကျရောက်ခဲ့သည်။ အဆိုပါ ဗုံးသည် မြန်မာနှင့် မီဇိုရမ်နယ်စပ်ရှိ မြစ်တစ်စင်းပေါ်သို့ ကျရောက်ခဲ့ပြီး အိန္ဒိယဘက်ခြမ်းရှိ ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းက ကာလကတ္တားတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယ ထိပ်တန်း စစ်ဘက်အရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

“စစ်ကောင်စီတပ်က ခုခံတော်လှန်ရေးနယ်မြေများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့်အတွက် ထိုးစစ်တွင် လေကြောင်းတိုက်ခိုက်မှုများသည် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ အရပ်သားများအတွက် ဘေးကင်းလုံခြုံသင့်သည့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာနေများကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးနေသည့်အတွက် မြန်မာပြည်သူများ ဘေးအန္တရာယ်များ ကြုံတွေ့နေရသည်” ဟု Myanmar Witness အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၆၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ ကလေးငယ်များဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်   ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုနှင့် ပြည်တွင်းဖိနှိပ်မှု သို့မဟုတ် ဆက်သွယ်ရေး လမ်းကြောင်းများကို စောင့်ကြည့်ရန် အသုံးပြုနိုင်သည့် လက်နက်များ ထောက်ပံ့ခြင်းတို့ကို ပိတ်ပင်ထားသလို အမေရိကန်ကလည်း မြန်မာစစ်တပ်နှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စများကို တားမြစ်ထားသောကြောင့် အရပ်သားများကို သတ်ဖြတ်ရာတွင် စစ်တပ်၏ခရိုနီကြီးများနှင့် ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံက ထောက်ပံ့ပေးထားသည့် တိုက်လေယာဉ်များမှာ အသုံးတည့်လာခဲ့သည်။

တရုတ်နိုင်ငံထုတ် K-8 ဂျက်တိုက်လေယာဉ်များကို ၂၀၂၂ ခုနှစ်အတွင်းက ကျေးရွာများနှင့် ဆေးခန်းများကို လေကြောင်းမှ တိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှုနှင့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများတွင် နေ့စဉ်နီးပါး အသုံးပြုနေသည်ကို မြင်တွေ့ခဲ့ရကြောင်း  Free Burma Rangers တည်ထောင်သူ၊ အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ဒေးဗစ်ယူဘန့်ခ်ကို ကိုးကား၍ AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ “အာဏာသိမ်းပြီးနောက် ပထမဆုံးလေကြောင်း တိုက်ခိုက်မှုကို ကရင်ပြည်နယ်တွင် ကြုံတွေ့ခဲ့ရပြီး မိမိတို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အရပ်သားများ ကိုယ်လက်အင်္ဂါထိခိုက်ခြင်းနှင့် သေဆုံးမှုများဖြစ်ပွားခဲ့သည်။  အမျိုးသမီးနှင့် ကလေးငယ် အတော်များများကို မိမိတို့ ဆေးခန်းတွင် ကုသပေးခဲ့ရသည်” ဟု ၎င်းကဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် မိသားစုများ ပြိုကွဲခဲ့ရပြီး အရပ်သားများ အကြမ်းဖက်ခံခဲ့ရကာ ကိုယ်လက်အင်္ဂါဆုံးရှုံးသူများ၊ သေဆုံးခဲ့ရသူများရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး၊ စစ်ကောင်စီလေတပ်ကို အထောက်အကူဖြစ်စေမည့် ပံ့ပိုးမှုများမှ နုတ်ထွက်ရန် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ကိုယ်စားလှယ်များ၊ သင်္ဘောပိုင်ရှင်များနှင့် ပင်လယ်ရေကြောင်းအာမခံကုမ္ပဏီများကို တောင်းဆိုခဲ့သည်။ အဆိုပါ မေတ္တာရပ်ခံချက်သည် ပေကျင်းရှိ သနားညှာတာမှုကင်းမဲ့သော တရုတ်ကွန်မြူနစ်ပါတီအစိုးရကို နားချနိုင်မည့်ပုံ မပေါ်ပေ။

အရပ်သားများ၏ အပြင်းအထန် ခုခံမှုများရှိသော်လည်း စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂ နှစ်ကြာအထိ တရုတ်၏ သံတမန်ရေးနှင့် နိုင်ငံရေးအရ ပံ့ပိုးကူညီမှုများဖြင့် မြန်မာနိုင်ငံကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဥရောပအာရှဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်၏ ပံ့ပိုးကူညီမှုများသည် မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများပြုလုပ်နေသော စစ်အာဏာရှင်ကို သက်သာရာ ရစေမည့် အထောက်အပံ့တစ်ခု ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးပြီးချင်း တရုတ်နိုင်ငံ၏ တရားဝင်သတင်းအေဂျင်စီ Xinhua သတင်းဌာနက “ဝန်ကြီးဌာန ၁၁ ခုအတွက် ဝန်ကြီးအသစ်များ ခန့်အပ်ပြီး ဒုတိယဝန်ကြီး ၂၄ ဦးကို ရာထူးမှ ဖယ်ရှားလိုက်သည့် အစိုးရအဖွဲ့ အပြောင်းအလဲမျှသာဖြစ်သည်”ဟု မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များကို သာမန်ကာလျှံကာ ဖော်ပြခဲ့သည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နှင်းလာပြီးနောက် လူ့အခွင့်အရေးကို အလေးထားသည့် ဒီမိုကရေစီအသိုင်းအဝိုင်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများ စတင်ပြုလုပ်လာကြသည်။ 

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ တရုတ်နိုင်ငံသည် စစ်ကောင်စီအား သံတမန်ရေးရာ ပံ့ပိုးကူညီမှုများ အခိုင်အမာ ပေးအပ်လျက်ရှိသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ထိုင်းနှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ပမှဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေအား ညင်သာစွာကိုင်တွယ်ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်များကို တိုက်တွန်းခဲ့ကြောင်း ဥရောပအာရှဖောင်ဒေးရှင်း၏ အစီရင်ခံတစ်ခုတွင် ဖော်ပြခဲ့သည်။

အခြားနိုင်ငံတကာအသိုင်းအဝိုင်းက ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံရန် တုံ့ဆိုင်းနေသော်လည်း စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင်လက မြန်မာနိုင်ငံတွင်ကျင်းပသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး (LMC) အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
စစ်ရေးထောက်ပံ့မှုကိုကြည့်လျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် Ming အမျိုးအစား ဒီဇယ်နှင့်လျှပ်စစ်ကို အသုံးပြုမောင်းနှင်နိုင်သည့် ရေငုပ်သင်္ဘောကို ပေးအပ်ခဲ့သည်။ အဆိုပါ သင်္ဘောပေါ်တွင် တရုတ်နည်းပညာရှင်များထားရှိရန် စစ်တပ်က သဘောတူထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် လက်နက်စနစ်များကို အရပ်သားများအား တိုက်ခိုက်ရာတွင် အသုံးပြုမည်မှန်း သိလျက်နှင့် မြန်မာနိုင်ငံသို့ ပေးပို့နေကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကပင် မှတ်ချက်ပြုခဲ့သည်။
အကြမ်းဖက်စစ်တပ်အပေါ် တရုတ်၏ သံတမန်ရေးနှင့် စစ်ရေးအရ အစဉ်တစိုက် ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံရှိ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဥရောပအာရှ ဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
သို့သော် မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာဒေသသို့ ထွက်ပေါက်ရရှိရန်နှင့် ထိုဒေသအတွင်း ၎င်း၏ တည်ရှိမှုကို မြှင့်တင်ရန် အရေးပါသည့် ကုန်းတွင်းလမ်းကြောင်းဖြစ်သောကြောင့် တရုတ်အနေဖြင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု လမ်းကြောင်းကို လျှော့ချ၊ ပြောင်းလဲမည့် အလားအလာ မရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် တရုတ်နိုင်ငံ၏ သံတမန်ရေးနှင့် စစ်ရေးအရ ပံ့ပိုးကူညီမှုအပေါ် မှီခိုနေခြင်းကြောင့် အရှေ့တောင်အာရှနယ်မြေတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ကျယ်ပြန့်လာစေသည်။ မြန်မာနိုင်ငံတွင် မြင့်တက်လာသည့် သွေးထွက်သံယိုမှုများကို ရပ်တန့်ရေးတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေသူအဖြစ် ပါဝင်လာမည့် အလားအလာမရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အခြေအနေအား ထုံးစံအတိုင်း စီးပွားရေးအမြင်ဖြင့်ကြည့်ပြီး စစ်အာဏာရှင်ကို အထောက်အပံ့များ တိုးမြှင့်ပေးအပ်ကာ အကြီးစား ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို ဆက်လက်လုပ်ဆောင်ကာ မြန်မာကို တရုတ်၏ အကြွေးနွံထဲ ကျရောက်အောင် တွန်းပို့ပေလိမ့်မည်။ ထိုသို့ဖြစ်သွားလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများနှင့် မဟာဗျူဟာမြောက် တည်နေရာအပေါ် ပိုမိုအခွင့်ကောင်းယူ အမြတ်ထုတ်နိုင်မည် ဖြစ်သည်။ 
ယခုလေ့လာဆန်းစစ်ချက်တွင် ထူးခြားသည့်အချက်များစွာ တွေ့နိုင်သည်။ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံ၊ အန်ဟွေးပြည်နယ်သို့ သွားစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံ၏ အခြေအနေများ မည်သို့ပင်ပြောင်းလဲနေစေကာမူ တရုတ်နိုင်ငံက ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားလိုကြောင်း အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သည်ဟု ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက် AP သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။ ယူကရိန်းစစ်ပွဲကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်တွင် မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများပြုလုပ်နေသော စစ်အာဏာရှင်အနေဖြင့် ပြည်တွင်းစစ်ကို အနိုင်ယူပြီး မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရန် တရုတ်က ထောက်ပံ့မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

တရုတ်သည် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ၏ အမြင်ကို ဂရုမစိုက်ကြောင်းနှင့် အာဏာရှင်အစိုးရများကို အပြည့်အဝ ကျောထောက်နောက်ခံပြုနေကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဌာနမှ ဂျက်ဆင်တာဝါက မှတ်ချက်ပြုခဲ့သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအပြင် နယ်စပ်ဖြတ်ကျော် စက်မှုဇုန်များနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု အများအပြားကို တိုးမြှင့်ဆောင်ရွက်ရန် တရုတ်နိုင်ငံက သဘောတူထားသည်။ တရုတ်က မြန်မာစစ်အစိုးရကို ယွမ်ငွေ သန်း ၆၅၀ ထောက်ပံ့မည်ဖြစ်ပြီး  ချုံချင့်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း အကြီးစား သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံသစ်အတွက် ငွေကြေးထောက်ပံ့မည် ဖြစ်သည်။

သို့သော် အဆိုပါ ဆောင်ရွက်ချက်အားလုံးကို စေတနာကောင်းလွန်း၍ ပရဟိတသဘော ပြုလုပ်ခြင်း မဟုတ်ပေ။ တောင်တရုတ်ပင်လယ်တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ပြဿနာများကို ဖြေရှင်းရာတွင် တရုတ်အား မျက်နှာသာပေးရန်နှင့် နိုင်ငံတကာရေပိုင်နက်တွင် ကြီးထွားလာသော တရုတ်၏ လွှမ်းမိုးမှုကို ဆန်းစစ်အကဲဖြတ်ရာတွင် အာဆီယံအဖွဲ့က မဟန့်တားနိုင်စေရန် မြန်မာစစ်အာဏာရှင်က ကူညီပေးနိုင်လိမ့်မည်ဟု  တရုတ်က မျှော်လင့်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly