တွင်းထွက်ပစ္စည်း တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော်အထိ ရှိ 

တွင်းထွက်ပစ္စည်း တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော်အထိ ရှိ 

ယခု ဘဏ္ဍာနှစ်၏ ပထမဆယ်လဖြစ်သော ၂၀၂၂ ဧပြီ ၁ ရက်မှ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်အတွင်း မြန်မာနိုင်ငံမှ တွင်းထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဒသမ ၄၇၇ သန်း ရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအရ သိရသည်။ 

အဆိုပါ တင်ပို့မှုတွင် အစိုးရက ရောင်းချသည်မှာ ဒေါ်လာ ၂၃ ဒသမ ၄၃ သန်းရှိပြီး ပုဂ္ဂလိကက ဒေါ်လာ ၂၁၂ ဒသမ ၀၄ သန်း ရောင်းချခဲ့ရခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် အလားတူကာလအတွင်း ရောင်းချနိုင်မှုက ဒေါ်လာ ၅၆၄ သန်းရှိသဖြင့် ယခုနှစ် ရောင်းချနိုင်မှုသည် ဒေါ်လာ သန်း ၃၃၀ လျော့ကျခြင်းလည်း ဖြစ်သည်။ 

မြန်မာနိုင်ငံမှ တွင်းထွက်ပစ္စည်း တင်ပို့မှုတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ အဖြိုက်နက်၊ သံဖြူ၊ ငွေ၊ ကြေးနီ၊ သွပ်၊ မီးသွေးနှင့် အခြားသော တွင်းထွက်သတ္တုများ ပါဝင်သည်။ 

စစ်ကောင်စီအနေဖြင့် ၂၀၂၂ မှ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန် ၁၄ ဘီလီယံ ရှိရန် ရည်မှန်းထားကြောင်း အမျိုးသား စီမံကိန်းဥပဒေအရ သိရသည်။ 

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစပြီး ဆန္ဒပြမှုများနှင့် မတည်ငြိမ်မှုများကြောင့် စီးပွားရေး ပြိုကျလုဖြစ်နေကာ ယခုလို အလှမ်းကျယ်သည့် ရည်မှန်းချက်များက ပြည့်မီနိုင်ဖွယ်မရှိ ဖြစ်နေပြီး စစ်ကောင်စီအနေဖြင့် စီးပွားရေးအရ ရှင်သန်နိုင်ရန် ထိုင်းနှင့် တရုတ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့ သဘာဝသယံဇာတရင်းမြစ်များ ပို၍ ရောင်းချလာရန် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly