မြန်မာ့အရေးတွင် ပိုမိုပါဝင်ရန် ထိုင်းနိုင်ငံကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း 

မြန်မာ့အရေးတွင် ပိုမိုပါဝင်ရန် ထိုင်းနိုင်ငံကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း 

အာဏာသိမ်းခံ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ရေး သံတမန်ရေးရာ အားထုတ်မှုများ စမ်းတဝါးဝါး ဖြစ်နေချိန် တည်ငြိမ်မှု ရှိလာရေး ဖော်ဆောင်ရာ၌ ပိုပြီး ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ထိုင်းနိုင်ငံအား မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကြာသပတေးနေ့တွင် တိုက်တွန်းသည်။ 

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြီးခဲ့သည့်နှစ်နှောင်းပိုင်း ရာထူးအာဏာပြန်ရချိန်မှစကာ အန်ဝါနှင့် ပထမဆုံး အပြန်အလှန် တွေ့ဆုံကြခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် နှစ်နှစ်က စစ်တပ်အာဏာသိမ်းလိုက်ချိန်မှစကာ ဝရုန်းသုန်းကား အခြေအနေဆိုက်နေသည့် မြန်မာနိုင်ငံအတွင်းက ရက်စက်ကြမ်းကြုတ်မှုများကို လျှော့ပေါ့ပြောဆိုခြင်းနှင့် မြန်မာစစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေး ဆက်လက်ထားရှိခြင်းတို့အတွက် ထိုင်းအစိုးရသည် နိုင်ငံတကာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

“မြန်မာစစ်အာဏာသိမ်းအုပ်စုနဲ့ အပြုသဘောလို့ ခေါ်နိုင်တဲ့ ဆက်ဆံရေးပဲ ဆက်သွားဖို့က လွဲလို့ ကျွန်တော်တို့ လုပ်နိုင်ကိုင်နိုင်တာ အရမ်းနည်းပါတယ်”ဟု အန်ဝါက သတင်းထောက်များအား ပြောသည်။ 

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်တာတွေကို ဖော်ပြနိုင်ဖို့အတွက် (ထိုင်း)ဝန်ကြီးချုပ်ကတော့ အနေအထားကောင်းကောင်းမှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက ပြောသည်။ 

ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံတွင် ပြင်းထန်သော နှိပ်စက်ညှဥ်းပန်းမှုများအောက်က အများစုသော မွတ်စလင်ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများဆီ သွားရောက်နိုင်ရေးအတွက် မကြာသေးသောနှစ်များအတွင်း အသက်ဘေးစွန့်ကာ လှေဖြင့် ပင်လယ်ခရီးကို အန္တရာယ်ကြီးစွာ ဖြတ်ကျော်ကြသည်။  

၂၀၁၇ ခုနှစ် စစ်တပ်၏ လူမဆန်စွာ ဖြိုခွင်းမှုများမှ ထွက်ပြေးကြသော ရိုဟင်ဂျာ တစ်သန်းနီးပါးသည် မြန်မာနှင့် နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက စခန်းများတွင် နေထိုင်နေရသည်။ 

မိမိနိုင်ငံတွင် ဒုက္ခသည် ၂၀၀,၀၀၀ နီးပါးကို လက်ခံထားရခြင်းက ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု အန်ဝါက ပြောသည်။  

အာဏာသိမ်းချိန်မှစပြီ လက်နက်ကိုင် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” ၏ ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်ပွားနေရာ မြန်မာနိုင်ငံက ဝရုန်းသုန်းကားအခြေအနေကို ဖြေရှင်းရာ၌ အချည်းနှီးသော သံတမန်ရေး အားထုတ်မှုများကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက လက်ရှိအထိ ဦးဆောင်လျက် ရှိသည်။ 

စစ်တပ်နှင့် အာဏာသိမ်းဆန့်ကျင်သည် လှုပ်ရှားမှုများကြား ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနှင့် အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရေးတို့ကို တောင်းဆိုသည့် ၂၀၂၁ ဧပြီလအတွင်း စစ်ကောင်စီ သဘောတူထားသော “ဘုံသဘောတူညီချက် ငါးရပ်”ကို ဖော်ဆောင်ရေးမှာလည်း တိုးတက်မှု အနည်းအကျဉ်းပဲ ရှိသည်။ 

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ထိုင်းနိုင်ငံသည် စစ်ကောင်စီအား ဝေဖန်သည့် အခြားသော အာဆီယံနိုင်ငံများကို ဖယ်ကြဉ်ကာ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ပါ ပါဝင်သော အလွတ်ဆွေးနွေးပွဲများ၌ မြန်မာ ထိပ်တန်းသံတမန်ကို တက်ရောက်စေခြင်းဖြင့် အံ့အားသင့်စရာ လုပ်ဆောင်ခဲ့သည်။ 

ယင်းသည် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို ဖော်ဆောင်မှု ကင်းမဲ့သဖြင့် ထိပ်တန်းအဆင့် ထိပ်သီးအစည်းအဝေးများမှ စစ်ကောင်စီကို ဖယ်ရှားထားသည့် တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအုပ်စုနှင့် လူကိုယ်တိုင် ပထမဆုံး တိုက်ရိုက်တွေ့ဆုံခြင်းပဲ ဖြစ်သည်။ 

အာဆီယံအနေဖြင့် “ရှေ့နောက်ညီပြီး ပူးပေါင်းဆောင်ရွက်သည့် အရေးယူမှု” လိုအပ်သည်ဟု အန်ဝါက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဂျကာတာရှိ ဆွေးနွေးပွဲများတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ဖော်ရေးတွင် အာဆီယံနိုင်ငံများအနေဖြင့် စည်းလုံးမှုကို ပြသရမည်ဟု တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly