တရုတ်နှစ်သစ်ကူး အားလပ်ရက်များတွင် ဆေးရုံများ၌ ဖျားနာသူများနှင့် သက်ကြီးရွယ်အိုများ ပြည့်နေ

တရုတ်နှစ်သစ်ကူး အားလပ်ရက်များတွင် ဆေးရုံများ၌ ဖျားနာသူများနှင့် သက်ကြီးရွယ်အိုများ ပြည့်နေ

တရုတ်အာဏာပိုင်များက ကိုဗစ်ကူးစက်မှုပြီးဆုံးတော့မည်ဟု ပြောနေသော်လည်း နှစ်သစ်ကူး အားလပ်ရက်အတွင်း တရုတ်နိုင်ငံရှိ ဆေးရုံများတွင် ဖျားနာသူများနှင့် သက်ကြီးရွယ်အိုများ ပြည့်နှက်နေသည်။ 

နိုင်ငံတွင်း ပြီးခဲ့သည့် သီတင်းပတ်က ခရီးသွားလာမှု မြင့်တက်နေချိန်တွင် ထပ်မံကူးစက်မှုမရှိကြောင်း တရုတ်ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အလယ်ပိုင်းပြည်နယ်များရှိ ဆေးရုံများတွင် လူနာများ ပြည့်လျှံနေကြာင်း ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှာလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည်။ တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ချို့ယွင်းချက်များရှိသော ခေတ်နောက်ပြန်ဆွဲသည့် ကန့်သတ်ထိန်းချုပ်ရေးမူဝါဒများနှင့် ထိရောက်မှုမရှိသော ပြည်တွင်းထုတ် ကာကွယ်ဆေးများကြောင့် ကိုဗစ်-၁၉ စိန်ခေါ်မှုကို  ရင်ဆိုင်နေရကြောင်း GeoPolitica.info မကြာသေးမီက ဖော်ပြခဲ့သည်။

တရုတ်တွင် ပြီးခဲ့သည့်လက ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက တရားဝင် ပြောကြားခဲ့သော်လည်း ရှန်ဟိုင်းနှင့် ပေကျင်း အပါအဝင် လူနေထူထပ်သော မြို့ကြီးများရှိ ဆေးရုံများတွင် လူနာများ ပြည့်လျှံနေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံမှ သတင်းရင်းမြစ်များစွာက ပြောသည်။ 
တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်ရေး မဟာဗျူဟာသည် တရုတ်ပြည်သူများအပေါ် သက်ရောက်မှုရှိပြီး မကျေနပ်မှုများ အကြီးအကျယ် ဖြစ်စေခဲ့ကြောင်း GeoPolitica.info က ဖော်ပြသည်။
ယင်းမူဝါဒများသည် ရောဂါဖြစ်ပွားမှု အရေအတွက်ကို လျှော့ချရာတွင် အထောက်အကူမပြုခဲ့သလို ပြည်သူလူထု၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးကိုပါ ထိခိုက်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအရေအတွက် ဖော်ပြမှုကို လျော့နည်းစေရန် အစိုးရသည် ဆင်ဆာဖြတ်တောက်ခြင်းအပြင် ကိုဗစ်ဆက်စပ်သေဆုံးမှုများအား ဖုံးကွယ်နိုင်ရေး ဆရာဝန်များကို ဖိအားပေးရန်နှင့် သေဆုံးစာရင်းများ ထုတ်ပြန်ခြင်းကို နှောင့်နှေးစေရန် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲခဲ့သည်။
ကမ္ဘာ့နိုင်ငံများက ဖိအားများပေးလာချိန်တွင် တရုတ်က  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှ ဒီဇင်ဘာလလယ်အတွင်း ကိုဗစ်နှင့်ဆက်စပ်သေဆုံးသူ ၆၀ ၀၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ဖြစ်ပွားမှု၏ ပြင်းထန်မှုအခြေအနေကို လျှော့ပေါ့ဖော်ပြနေမှုအပေါ် စိုးရိမ်ကြောင်းနှင့်  ပိုမိုအသေးစိတ်ကျသော အချက်အလက်များ ထုတ်ပြန်ပေးရန် တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly