စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း အမျိုးသမီး ၂,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရ

By ဝေဟင်စိုး
08 February 2023
စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း အမျိုးသမီး ၂,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရ

မဇ္ဈိမ။ ။စစ်အာဏာသိမ်းမှု နှစ်နှစ်တာကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသော အမျိုးသမီးဦးရေ စုစုပေါင်း ၂,၇၇၈ ဦးအထိရှိနေသည်ဟု မြန်မာအမျိုးသမီးများသမဂ္ဂ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ ထားသည်။

အဆိုပါအစီရင်ခံစာကို ပြီးခဲ့သော ဖေဖော်ဝါရီလ ၆ ရက်က အမျိုးသမီးများဆိုင်ရာအချက်အလက်စစ်တမ်း တစ်ခုအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ အမျိုးသမီးများအား စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသည့် အရေအတွက် ဖြစ်ကြောင်း ဆိုသည်။

ထိုသို့ ဖမ်းဆီးခံထားရသည့်အမျိုးသမီးများတွင် ရန်ကုန်တိုင်းမှ ၇၅၈ ဦး ဖြင့်အများဆုံးဖြစ်ပြီး၊ ကရင်နီ ပြည်နယ်မှ ကိုးဦးဖြင့် အနည်းဆုံးဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

အလားတူ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် တိုင်းတစ်တိုင်းစီအလိုက် ဖမ်းဆီးခံရသူအမျိုးသမီး ၃၀၀ ကျော်စီရှိခဲ့ပြီး ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ၂၀၀ ကျော်စီအထိ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ် ကြောင်း ဆိုသည်။
“ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးတွေထဲမှာဆို ဒေါ်အောင်ဆန်းစုကြည်က ထိပ်ဆုံးကပါနေတာပဲ လေ။ စစ်တပ်ကိုဆန့်ကျင်လို့ဖမ်းဆီးခံရတာက မပြောလိုတော့ပေမယ့် ပြည်နယ်တွေမှာ အုပ်စုနဲ့မုဒိမ်း ဝိုင်းကျင့်ခံရတာတွေ၊ ဖမ်းမိလို့ စစ်ကြောရေးမှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတွေဟာ စစ်တပ်ရဲ့ အဆိုးရွားဆုံး လုပ်ရပ်တွေပေါ့။ ဒါတွေကို နိုင်ငံတကာကသိအောင် ရရှိတဲ့အချက်အလက်အမှန်အတိုင်း အစီရင်ခံစာတွေထုတ်ပြန်တာကိုလည်း ကြိုဆိုတယ်။ အခု အာဏာသိမ်းမှုကိုခြောက်လထပ်တိုးတယ် ဆိုတော့ စစ်တပ်က သူတို့အပေါ်ဆန့်ကျင်နေတဲ့ မည်သူမဆို ဖမ်းဆီးတာမျိုးတွေ ဆက်လုပ်နေမှာပဲ။ မြို့ပြတွေလိုနေရာမှာ သူတို့(စစ်တပ်)ကလုပ်နိုင်တာဆိုလို့ ဖမ်းဆီးစစ်ဆေးတာမျိုးတွေပဲ လုပ်နိုင်တာ လေ” ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဉီးက ထောက်ပြသည်။

စစ်အာဏာသိမ်းမှုနှစ်နှစ်တာကာလအတွင်း ဖမ်းဆီးခံထားရသည့်အမျိုးသမီး ၂၀၀၀ ကျော်တွင် ပညာရေး ဌာနမှ ၃၆၅ ဦး ၊ ကျန်းမာရေးဌာနမှ ၅၁ ဦး၊တက်ကြွလှုပ်ရှားသူ ၉၂ ဦး၊ သတင်းမီဒီယာ၊ အနုပညာရှင်နှင့် နယ်ပယ်အသီးသီးမှ ၁၀ ဦး ကျော် ပါဝင်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့အမျိုးသမီးသမဂ္ဂ၏စစ်တမ်းများအရ အကြမ်းဖက်မှုကြောင့်သေဆုံးသူအမျိုးသမီး ၄၁၄ ဦး ရှိသည့်အနက် ကျေးရွာများအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူအမျိုးသမီး ၁၀၇ ဦး အထိ အများဆုံးရှိခဲ့သည်။
စစ်ကောင်တပ်စီက ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် ၇၈ ဦး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ၂၆ ဦး၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် အမျိုးသမီး ၅၃ ဦး၊ မီးရှို့သတ်ဖြတ်ခြင်းနှင့် ဦးခေါင်း ကျည်ဆံထိမှန် သေဆုံးသူ ၂၀ ဦး ၊ မုဒိန်းကျင့်ခံရသူ(အတည်ပြုနိုင်ခြင်းမရှိသေး) ၁၃ ဦးထိရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ယင်းအပြင် ခိုင်လုံသောသတင်းမီဒီယာများမှတင်ပြထားသည့် သတင်းစုစည်းချက်များအရ စစ်တပ်၏ အုပ်စုဖွဲ့ မုဒိန်းကျင့်သည့်အမှုပေါင်း ၁၅ မှု၊ အရပ်သားများမှကျူးလွန်သည့် မုဒိန်းမှု ၁၀ မှုနှင့် စစ်ကြောရေး စခန်းနှင့် စစ်ဆေးရေးဂိတ်များတွင် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုငါးမှုအထိရှိခဲ့ပြီး မြေပြင်ကိန်း ဂဏန်းများအရ ယခုထက်ပို၍များပြားနိုင်ကြောင်းဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required