NUG ၊ EAOs နှင့်  PDF များ ကလေးသူငယ်များကိုပါ စစ်မှုထမ်းခိုင်းနေသည်ဆိုသော သတင်းအမှား

NUG ၊ EAOs နှင့်  PDF များ ကလေးသူငယ်များကိုပါ စစ်မှုထမ်းခိုင်းနေသည်ဆိုသော သတင်းအမှား

မဇ္ဈိမ။  ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များမှ ကလေးသူငယ်များကိုပါ စစ်မှုထမ်းခိုင်းနေသည်ဆိုသောသတင်း တစ်ခု ပျံ့နှံ့လျက်ရှိသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။ 

မှိုင်းဝေအမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် “နိုင်ငံ တကာမှသတ်မှတ်ထားတဲ့ ကလေးသူငယ်များစစ်မှုထမ်းခြင်းဥပဒေကို ချိုးဖောက်နေတဲ့ အကြမ်းဖက် NUG ၊ EAOs အချို့နှင့် PDFများ”ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ဖြန့်ဝေထားသည်။ 

သတင်းရေးသားချက်တွင် စစ်ကောင်စီနှင့် PDF ၊ EAOs တို့တိုက်ပွဲဖြစ်ရာတွင် ၎င်းတို့ထံမှ ဖမ်းဆီးရမိသည့် လက်နက်ကိုင်အကြမ်းဖက်သမားများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးငယ်များပါဝင်ကြ ဟန် ရေးသားထားခြင်းဖြစ်သည်။ 
၎င်းသတင်းကို ဖတ်ရှုသူ ၁၈,၀၀၀ ကျော်ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ၎င်းသတင်းတွင်ပါဝင်သည့်ပုံများအား စစ်ဆေးခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် ဖမ်းဆီးစုဆောင်းထားသော ကလေးငယ်များအား တအာင်းတပ်မတော်(TNLA) မှ ကယ်ထုတ်ခဲ့သည့်ဖြစ်စဉ်မှ ပုံများဖြစ်ကြောင်း တွေ့ရှိရသည်။

ယင်းအကြောင်းအရာအား Ta'ang State TV ဖေ့စ်ဘုတ်စာမျက်နှာမှ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် “စကစ၏ ဂျာယန်ပြည်သူစစ်မှ အတင်းအဓမ္မသိမ်းသွင်းခေါ်ယူထားသော  တအာင်းလူမျိုးများ (အသက် မပြည့်သည့် ကလေးငယ် (၂၀)ဦးအပါအဝင်) အမျိုးသား(၁၁၂)ဦး၊ အမျိုးသမီး(၁၅)ဦး” ဆိုသည့် ခေါင်းစဉ် ဖြင့် ထုတ်ပြန်ထားသည်။ 
မူရင်းလင့်- https://bit.ly/3l80S8X

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က ကလေး သူငယ်များအား စစ်သားအဖြစ်ဖမ်းဆီးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း CDMM ဝက်ဘ်ဆိုဒ်၊ RFA မြန်မာပိုင်း အစီအစဉ်၊ ငွေမောင်းသံမီဒီယာ၊ ဖက်ဒရယ်ဂျာနယ်မြန်မာ၊ မဲခေါင်သတင်းနှင့် ဒယ်လ်တာသတင်း အေဂျင်စီ စသည်တို့မှ သတင်းရေးသားဖော်ပြထားသည်။ 

တူညီသောအကြာင်းအရာများအား - http://bit.ly/3XjM8kO, https://bit.ly/3REvMSN, https://bit.ly/3RIZ1DJ, https://bit.ly/3DRLQuG, http://bit.ly/3jGNZ5u, http://bit.ly/3JPbpAa တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ 

ထို့ကြောင့် NUG ၊ EAOs နှင့် PDF များမှ ကလေးသူငယ်များကိုပါ စစ်မှုထမ်းခိုင်းနေသည်ဆိုသော သတင်း မှာ သတင်းမှန်ဖြစ်စဉ်မှပုံများကိုအသုံးပြုပြီး လူအများ အထင်အမြင်လွဲမှားအောင် ပြန်လည်ပြုပြင်ရေး သားထားသည့် သတင်းအမှားသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly