နေပြည်​တော် ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်​ရေးမှူး​နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့​ကြောင်း ​နေပြည်​တော်ပြောက်ကျားအဖွဲ့ထုတ်ပြန်

By 001 (မဇ္စျိမ)
05 February 2023
နေပြည်​တော် ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်​ရေးမှူး​နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့​ကြောင်း ​နေပြည်​တော်ပြောက်ကျားအဖွဲ့ထုတ်ပြန်

ဖေဖော်ဝါရီလ ၅ ရက်

နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၏ စစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးတင်ခိုင်၏ နေအိမ်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည၇ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) ကထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှု​ကြောင့် လူထိခိုက်မှုမရှိခဲ့​သော်လည်း အုပ်ချုပ်​ရေးမှူး၏ ​နေအိမ်ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့​ကြောင်း စစ်​တောင်းမြို့ပြ​ပျောက်ကျားအဖွဲ့က​ပြောသည်။

"လက်ပစ်ဗုံးက အိမ်ကိုပစ်တာ ။ ဆိုင်ကယ်နဲ့ရပ်ပြီး ပစ်​တော့ ကျသွားတာက အုပ်ချုပ်​ရေးမှူးနဲ့ ယှဥ်ရက်အိမ်တစ်အိမ်ထပ်ရှိ​သေးတယ်။ အဲ့ဒီနှစ်အိမ်ကြား၊ အုပ်ချုပ်​ရေးမှူးအိမ်ဘက်ကို ကပ်ပြီး​တော့ ​ဘေးနားမှာရှိတဲ့ သံပရာပင်နဲ့ အိမ်​ဘေးနား​ပေါ့​နော်။ အဲ့ဒီကို ကျသွားပြီးမှ အိမ်ကို ထိတာ။ အိမ်ဝိုင်းထဲက သံပရာပင်အ​သေးရှိတယ်။ အိမ်​ဘေးနားမှာ ကပ်ရက်ရှိတယ်။ အဲ့ဒီနားကျတာ"ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ထရယ်ဂွန်ကပြောသည်။

ယမန်​နေ့ညက ​ရွှေကြာပင်ရပ်ကွက်အတွင်း ဗုံး​ပေါက်ကွဲမှူဖြစ်ပွားခဲ့ပြီး ဗုံး​ပေါက်ကွဲသံကိုကြားလိုက်ရ​ကြောင်း ရပ်ကွက်အတွင်း​နေထိုင်သူတစ်ဦးက​ပြောသည်။

"ဗုံးကမီးခိုးလည်းထွက်တယ်။ မီး​​ရောင်​တောက်သလို အုန်းဆိုပြီး မီး​​ရောင်ကို လှမ်းမြင်ရတယ်။ ဒီ​လောက်တခါမှလည်း မကြားဖူးလို့ နီးနီး​လေးဆို​တော့ အသံက အကျယ်ကြီးပဲ"ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးတင်ခိုင်အနေဖြင့် စစ်ကောင်စီ၏ အမာခံအုပ်ချုပ်ရေးမှူးအဖြစ် ရပ်တည်ပြီး အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်းများ လုပ်ဆောင်နေခြင်း၊ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအပေါ်ယုံကြည်၍ ပူးပေါင်းသည့် ပြည်သူများအား ဒုက္ခပေးနေခြင်းတို့ကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အခြေခံမဲစာရင်းပြုစုခြင်းအပါအဝင် မည်သည့်ပူးပေါင်း ဆောင်ရွက်မှုမျိုးကိုမှ မလုပ်ဆောင်ဖို့ သတိပေးထားခဲ့ပြီးဖြစ်တာကြောင့် တိုက်ခိုက်ခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ထရယ်ဂွန်က​ပြောသည်။

နေပြည်တော်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Non CDM ဝန်ထမ်းများ၊ သတင်းပေးဒလန်များ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီက ပြုလုပ်ရန်ရှိသည့် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးနည်းမျိုးစုံဖြင့် ကူညီခြင်း၊ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုသတင်းများ ပေးခြင်းတို့ကို ဆက်လက်ပြုလုပ်နေပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ရွှေကြာပင်ရပ်ကွက်သည် နေပြည်တော်အတွင်း အချက်အချာကျသည့်နေရာတွင် တည်ရှိပြီး မြို့လည်ခေါင်မှ ဆိုင်ကယ်ဖြင့် သွားမည်ဆိုပါက ခန့်မှန်းချေ မိနစ် ၂၀ ကျော်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly