ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ထောက်ပံ့  

By Taipei Times 
05 February 2023
ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ထောက်ပံ့  

ထိုင်ဝမ်နှင့် အမေရိကန်စစ်တပ်များ၏ ပူးပေါင်းစစ်ဆင်ရေးများတွင် အပြန်အလှန်ဆောင်ရွက်မှုနှင့် စွမ်းရည် များမြှင့်တင်ရေးအတွက် နိုင်ငံတကာစစ်ပညာနှင့် လေ့ကျင့်ရေးအစီအစဉ် (IMET) တွင် ထိုင်ဝမ်ပါဝင်နိုင်ရေး ကူညီရန် အမေရိကန်အစိုးရက ရန်ပုံငွေလျာထားသည်။ 

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဥပဒေ ၂၀၂၃ အရ  အမေရိကန်ဖယ်ဒရယ်အစိုးရအတွက် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အသုံးပြုမည့် ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ ဘတ်ဂျက်အစီအစဉ်တွင် ထိုင်ဝမ်အတွက် ရန်ပုံငွေထောက်ပံ့ပေးမည့်အကြောင်းကိုလည်း ဖော်ပြထားသည်။ 

ယင်းဥပဒေတွင် ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှု၊ ကာကွယ်ရေးအသုံးစရိတ်နှင့် သဘာဝဘေးအန္တရာယ် ဒဏ်ခံရသော ဒေသများအတွက် ရန်ပုံငွေထောက်ပံ့မှုများ ပါဝင်သည်။ 

IMET သည် အရေးကြီးသောအမေရိကန်လုံခြုံရေးအကူအညီပေးမှုမျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ စစ်သားများကို စစ်ဘက်ဆိုင်ရာ သင်တန်းများနှင့် ပညာရေးတို့ကို ပံ့ပိုးပေးခြင်းဖြင့် ဒေသတွင်း ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ထိုင်ဝမ်ရှိ အမေရိကန်ဌာန (AIT) က တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Liberty Times (တိုင်ပေတိုင်းမ်၏ လက်ခွဲသတင်းစာ) အား ပြောကြားခဲ့သည်။ 

" နိုင်ငံတော်လုံခြုံရေးပန်းတိုင်များရောက်ရှိရန် အမေရိကန်အတွက် အရေးကြီးသော စစ်ရေးနှင့် နိုင်ငံတကာမဟာမိတ်များ ခိုင်မာအားကောင်းစေရေးအတွက် IMET သည် ထိရောက်သောနည်းလမ်းဖြစ်ကြောင်း သက်သေပြခဲ့သည်" ဟု ဌာနက ပြောကြားခဲ့သည်။ 

“ဒီအစီအစဉ်က ဒီမိုကရေစီနိုင်ငံတွေရဲ့ အကူးအပြောင်းကာလမှာ အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင် လေ့ရှိတဲ့ ကာကွယ်ရေးခေါင်းဆောင်တွေကို ပညာရပ်ဆိုင်ရာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိတ်ဆက်မှုတွေ ကူညီလုပ် ဆောင်ပေးပါတယ်” ဟု ယင်းက ဆိုသည်။ 

အမေရိကန်နိုင်ငံခြားရေးဌာန၏ နိုင်ငံရေးနှင့် စစ်ရေးရာဗျူရိုမှ စီစဉ်ပြီး အမေရိကန်ကာကွယ်ရေးဌာနမှ ဖော် ဆောင်သည့် ယင်းအစီအစဉ်အရ ဥရောပ၊ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့မှ ထူးချွန်သော စစ်အရာ ရှိများအား အမေရိကန်စစ်တပ်နှင့် လေ့ကျင့်ပေးနေသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။  

နိုင်ငံတကာစစ်ပညာနှင့် လေ့ကျင့်ရေးအစီအစဉ် (IMET) တွင် ထိုင်ဝမ်ပါဝင်မည့်ပုံစံကို အသေးစိတ်ဖော်ပြခြင်းမရှိသော်လည်း ယင်းလုပ်ရပ်သည် ထိုင်ဝမ်စစ်တပ်နှင့် အမေရိကန်နိုင်ငံတော်အစောင့်တပ်တို့အကြား စစ်ရေးလေ့ကျင့်မှု မိတ်ဖက်ဆက်ဆံရေးကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း သံတမန်ရေး လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။ 

အမေရိကန် အထက်လွှတ်တော်အမတ် တမ်မီဒတ်ဝပ်က ၂၀၂၂ ခုနှစ်က  ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ် ၂ ခုအတွင်း ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်ရန် အလွန်စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly