တရုတ်သင်္ဘောက ငါးဖမ်းသမားများအား နှောင့်ယှက်မှုကို ဖိလစ်ပိုင် စုံစမ်း  

တရုတ်သင်္ဘောက ငါးဖမ်းသမားများအား နှောင့်ယှက်မှုကို ဖိလစ်ပိုင် စုံစမ်း  

ဖိလစ်ပိုင်အစိုးရသည် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့်နေပြီး ဖိလစ်ပိုင် ပိုင်ဆိုင်သည့် ရေတိမ်သောင်ခုံအနီးရှိ ဒေသခံငါးဖမ်းသမားများအား မကြာသေးမီက တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော ၁ စင်းက နှောင့်ယှက်သည့်ဖြစ်စဉ်ကိုလည်း စုံစမ်းနေကြောင်း RFA က ဖော်ပြသည်။ 

သင်္ဘောကိုယ်ထည်နံပါတ် ၅၂၀၄ တရုတ်သင်္ဘော ၁ စင်းနှင့် လှေငယ် ၁ စင်းက ဇန်နဝါရီ ၉ ရက်တွင် အေယန်ဂျင်ကျွန်းအနီး ရေပြင်ရှိ KEN-KEN ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောမှ ရေလုပ်သားများကို မောင်းထုတ်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။  

အေယန်ဂျင်ကျွန်းသည် ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်နှင့် ဖိလစ်ပိုင်ကမ်းဦးရေတိမ်ပိုင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အခြားနိုင်ငံမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိစေဘဲ ဖိလစ်ပိုင်သည် ယင်းဧရိယာတွင် အချုပ်အခြာအာဏာနှင့် စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ရက်တွင် ထုတ်ပြန် ခဲ့သည်။  

"ဖိလစ်ပိုင်ငါးဖမ်းသမားများသည် ၎င်းတို့၏ အခွင့်အရေးများကို လွတ်လပ်စွာ အသုံးချခွင့်ရှိပြီး ဖိလစ်ပိုင်နှင့် နိုင်ငံတကာဥပဒေများ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် UNCLOS နှင့် ၂၀၁၆ အနုညာတစီရင်ဆုံးဖြတ်မှုအရ အခွင့်အရေးများကို ရပိုင်ခွင့်ရှိသည်" ဟု နိုင်ငံခြားရေးဌာနက ကုလသမဂ္ဂပင်လယ်ရေကြောင်း ဆိုင်ရာ ကွန်ဗင်းရှင်းဥပဒေ (UNCLOS) အား ကိုးကား၍ ပြောကြားခဲ့သည်။  

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားသည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒေသတွင်းတရားဥပဒေစိုးမိုးရေးရုံးများ၏ တရားဝင်အစီရင်ခံစာများကို စောင့်ဆိုင်းနေကြောင်း ဆိုသည်။ ယင်းအစီရင်ခံစာများကို ဖြစ်စဉ်နှင့်ပတ်သက်သော သံတမန်ရေးရာ ဆောင်ရွက်မှုအခြေခံအဖြစ် အသုံးပြုမည်ဟု  ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။ 

“အထူးသဖြင့် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ဆွေးနွေးမှုအပြီး အနောက် ဖိလစ်ပိုင်ပင်လယ်မှာ ဖြစ်ပေါ်တိုးတက်မှုမှန်သမျှကို ဌာနက သတိကြီးစွာ စောင့်ကြည့်နေသည်” ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို RFA သတင်းဌာနက ကိုးကားဖော်ပြထားသည်။ 

ယင်းဖြစ်ရပ်သည် ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို တရုတ်က နှောင့်ယှက်မှုဟု စွပ်စွဲခံရသည့် ပထမဆုံးပြဿနာဖြစ်သည်။ 

ဖိလစ်ပိုင်သည် ယမန်နှစ်က ဆီရာမက်ရီသို့ ထောက်ပံ့ရေးမစ်ရှင် ၁၀ ကြိမ်ထက်မနည်း အနှောင့်ယှက်ကင်းစွာ ပို့ဆောင်ခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်မှ နှုတ်ဖြင့် စိန်ခေါ်သည့် ကိစ္စများလွဲ၍ မည်သည့် ဖြစ်ရပ်မှ မရှိခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly