သမ္မတဟောင်း ဇာဒါရီအား အီမရန်ခန်း၏  စွပ်စွဲချက်သည်   အခြေအမြစ်မရှိ ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်  

သမ္မတဟောင်း ဇာဒါရီအား အီမရန်ခန်း၏  စွပ်စွဲချက်သည်   အခြေအမြစ်မရှိ ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်  

ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ်က ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ အီမရန်ခန်းသည် သမ္မတဟောင်း ဇာဒါရီအား အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် တိုက်ခိုက်နေကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။ 

အီမရန်ခန်းက ပါကစ္စတန် ပြည်သူ့ပါတီ  (PPP) ပူးတွဲဥက္ကဋ္ဌ ဇာဒါရီသည် ၎င်းအား လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်တွင် အဓိကပူးပေါင်းကြံစည်သူဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့တွင် စွပ်စွဲခဲ့ပြီးနောက် ရှရစ်ဖ်၏ တုံ့ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

“သမ္မတဟောင်း ဇာဒါရီအပေါ် အန္တရာယ်ရှိပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဟာ တာဝန်မဲ့ရုံသာမက သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေဆီ အငြိုးတွေပျံ့နှံ့စေဖို့ ရည်ရွယ်တဲ့ ပူးပေါင်းကြံစည်မှု ဖြစ်ပါတယ်” ဟု ရှဘက်ရှရစ်ဖ်က တွစ်တာတွင် ပြောကြားခဲ့သည်။ 

"ဒီလိုအဓိပ္ပါယ်မရှိ ပြောဆိုမှုဟာ နိုင်ငံရေးအရ ဆက်နွှယ်နေစေဖို့ ကြိုးပမ်းမှုဖြစ်တယ်။ ခန်းဟာ အာဏာအတွက် လူ့အဖွဲ့အစည်းကို သွေးခွဲဖို့ နိုင်ငံရေးအမုန်းတရားကို အသုံးပြုတာ တစ်နိုင်ငံလုံး သိပါတယ်” ဟု ရှရစ်ဖ်က တွစ်တာတွင် ရေးသားထားသည်။ 

အီမရန်ခန်းက ဇာဒါရီသည် အကြမ်းဖက်အဖွဲ့ကို ငှားကာ ၎င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲကြောင်း The Express Tribune သတင်းစာက ဇန်နဝါရီ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။ 

ဘာသာရေးအစွန်းရောက်မှုဟူသောခေါင်းစဉ်အောက်၌ အစီအစဉ် ‘ဘီ’ အရ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို ကြုံတွေ့ခဲ့ရကြောင်း အီမရန်ခန်းက ပြီးခဲ့သည် နိုဝင်ဘာလက ဝဇီရာဘတ်မြို့၌ သေနတ်ဖြင့် လုပ်ကြံခံရမှုကို ညွှန်းဆိုလျက် ပြောသည်။  

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ အီမရန်ခန်းက ၎င်းအား အလုံပိတ်အခန်းတွင် လူ ၄ ယောက်က လုပ်ကြံရန် ကြံစည်ခဲ့ဖူးကြောင်းလည်း အစောပိုင်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly