အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ကျွန်းစုများပေါ်တွင် တရုတ်ဒုံးကျည်စခန်းများချထားကြောင်း လေ့လာသုံးသပ်သူများ ပြောကြား 

အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ကျွန်းစုများပေါ်တွင် တရုတ်ဒုံးကျည်စခန်းများချထားကြောင်း လေ့လာသုံးသပ်သူများ ပြောကြား 

ဖေဖော်ဝါရီလ ၄ ရက်

အသစ်ထွက်ပေါ်လာသော ဂြိုဟ်တုဓာတ်ပုံ၌ ပါရာဆယ်လ်ကျွန်းစုတွင် တရုတ်လေကြောင်းရန်ကာကွယ်ရေး စခန်းတစ်ခုကို တွေ့မြင်ရပြီး တရုတ်စစ်တပ်သည် ယခုအခါ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစု နှစ်ခုစလုံးတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကို အမြဲတမ်း အသင့်ထားရှိနေပြီဖြစ်ကြောင်း ပြသနေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားသည်။ 

တရုတ်ဘာသာဖြင့် ရှီရှားကျွန်းစုခေါ် ပါရာဆယ်လ်ကျွန်းစုများကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောကြားနေသော်လည်း တရုတ်ရေတပ်သည် တောင်ဗီယက်နမ်ရေတပ်ကို သွေးချောင်းစီတိုက်ပွဲအတွင်း အနိုင်ရခဲ့သည့် ၁၉၇၄ ခုနှစ်နောက်ပိုင်း ကျွန်းစုတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ 

အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က တောင်းဆိုထားသည့် စပရတ်လေကျွန်းစု (တရုတ်ဘာသာဖြင့် နန်ရှာကျွန်းများ) ကိုလည်း တရုတ်က သိမ်းပိုက်ထားသည်။ 

ပါရာဆယ်လ်ကျွန်းစုအတွင်းရှိ ဝုဒီကျွန်းတွင် အသစ်တည်ဆောက်ထားသော ဒုံးကျည်တပ်ရင်းတစ်ခု ဖြစ်နိုင် ပုံပေါ်သည့် ဂြိုဟ်တုဓာတ်ပုံသည် ယခုသီတင်းပတ်အတွင်း Twitter တွင် ထွက်ပေါ်လာခဲ့သည်။ 

အာကာသနည်းပညာကုမ္ပဏီ Maxar Technologies က ဧပြီလက ရိုက်ကူးထားသော ဓာတ်ပုံတွင် တောင် တရုတ်ပင်လယ်ရှိ ပါရာဆယ်လ်ကျွန်းစု၌ အကြီးဆုံးဖြစ်သည့် ဝုဒီကျွန်းတွင် လိပ်သိမ်းနိုင်သော အမိုးများပါသည့် အဆောက်အအုံ ၄ လုံးကို တွေ့မြင်ရသည်။ 

အဆောက်အအုံတစ်ခုသည် အမိုးကို တစ်စိတ်တစ်ပိုင်းဖွင့်ထားပြီး အတွင်းပိုင်းတွင်  မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်လောင်ချာများ ထားပုံရသည်ဟု ဆိုသည်။ 

အာကာသထောက်လှမ်းရေးကုမ္ပဏီ Image Sat International သည် ၂၀၁၆ ခုနှစ်က ဝုဒီကျွန်းတွင် HQ-9 SAM လောင်ချာများ၏ အသွင်အပြင်၊ ဖယ်ရှားခြင်းနှင့် ပြန်လည်တပ်ဆင်ထားခြင်းကို ပထမဆုံး တွေ့ရှိခဲ့သည်။ 

သို့သော် RFA မှ သီးခြားအတည်မပြုနိုင်သော ဂြိုဟ်တုဓာတ်ပုံအသစ်၌ တရုတ်စစ်တပ်က စစ်ပုံစံအပြည့်အဝတည်ဆောက်ထားသည့် ကျွန်းတု ၃ ကျွန်းပေါ်တွင် လေကြောင်းရန် ကာကွယ်ရေးစခန်းတစ်ခုနှင့် ဆင်တူသည့် အဆောက်အအုံကို တွေ့ရသည်။ 

ယင်းတို့သည် အငြင်းပွားဒေသများအထိ ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ဘက်ထရီများကို ထားရှိနိုင်သော အမြဲတမ်း အဆောက်အအုံများဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly