တရုတ်သည် ပုံမှန်မဟုတ်သော အိမ်နီးချင်းဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား 

တရုတ်သည် ပုံမှန်မဟုတ်သော အိမ်နီးချင်းဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား 

ဖေဖော်ဝါရီလ ၄ ရက်

တရုတ်နိုင်ငံသည် ပုံမှန်မဟုတ်သော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံဖြစ်လာပါက စိန်ခေါ်မှုအခက်အခဲများစွာ ရှိလာနိုင်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာက တရုတ်အား ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများကို ဆွေးနွေးစဉ်တွင် ပြောကြားသည်။ 

အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ဂျိုင်ရှန်ကာ၏ “အိန္ဒိယ လမ်းစဉ်- မရေရာသည့်ကမ္ဘာအတွက် မဟာဗျူဟာများ (The India Way: Strategies for an Uncertain World) ဟူသော စာအုပ်ကို 'Bharat Marg' အမည်ဖြင့် မာရသီဘာသာသို့ ပြန်ဆိုထားမှုအား ထုတ်ဝေသည့် ပူနီတွင်ကျင်းပသော အခမ်းအနားတစ်ခုတွင် ဂျိုင်ရှန်ကာက "တရုတ်ဟာ ပုံမှန်မဟုတ်တဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အိမ်နီးနိုင်ငံများစွာရှိပေမဲ့  တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီး ဒါမှမဟုတ် မဟာအင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအနားမှာ နေရတာ စိန်ခေါ်မှုတွေ ရှိပါတယ်" ဟု ဆိုသည်။ 

အဆိုပါ စာအုပ်ထဲတွင် တရုတ်နိုင်ငံကို ကိုင်တွယ်ရန် နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ နည်းလမ်းများ ပါဝင်ကြောင်း ဂျိုင်ရှန်ကာက ဆိုသည်။ 

ထို့ပြင် ဂျိုင်ရှန်ကာက နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်ပြီး အခြားနိုင်ငံများနှင့်စာလျှင် အိန္ဒိယနိုင်ငံသည် အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရပုံကို အလေးပေးပြောကြားခဲ့သည်။ 

“တစ်ခါတစရံမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေတယ်။ အကြမ်းဖက်ဝါဒဟာ ထင်ရှားတဲ့ ဥပမာပဲ။ အိန္ဒိယနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အကြမ်းဖက်မှုကြောင့် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ အားလုံးသိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အခြားနိုင်ငံတွေမှာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အိမ်နီးနားချင်းနိုင်ငံမျိုးမရှိလို့ပါ” ဟု ဂျိုင်ရှန်ကာက ပါကစ္စတန်အပေါ် စောင်းမြောင်းပြောဆိုခဲ့သည်။ 

အိန္ဒိယနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အိမ်နီးချင်းများကို ရွေးချယ်ခွင့်မရသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဂျိုင်ရှန်ကာက ညည်းတွားခဲ့သည်။ 

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ကင်းစခန်းများကို ပြန်လည်ရယူပြီး စစ်အခြေစိုက်စခန်းများပြုလုပ်ရန် တရုတ်၏ ကြိုးပမ်းမှုနှင့် တောင်တရုတ်ပင်လယ်ရေကြောင်းပိုင်နက်အား တရားမဝင် တောင်းဆိုရန် လုပ်ဆောင်သော တခြားရန်စသည့်နည်းလမ်းများနှင့်အတူ အကျပ်ကိုင်ခြိမ်းခြောက်မှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေခဲ့သည်။  

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် ကျယ်ပြန့်သော ရေကြောင်းပိုင်နက်ဆိုင်ရာ အငြင်းပွားဖွယ်တောင်းဆိုမှုများအတွက် ဆီလျော်သော အခြေခံအကြောင်းရင်းကိုလည်း တင်ပြနိုင်ခြင်းမရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly