မြန်မာနှင့် တရုတ်---အင်အားချိန်ခွင်လျှာ မညီမျှမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှု

By EUROPE ASIA FOUNDATION - INSIGHTS
03 February 2023
မြန်မာနှင့် တရုတ်---အင်အားချိန်ခွင်လျှာ မညီမျှမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှု

အပြင်းအထန် ခုခံမှုများရှိနေသော်လည်း စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂ နှစ်ကြာအထိ မြန်မာနိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားဆဲဖြစ်သည်။ တရုတ်နိုင်ငံက သံတမန်ရေးအရရော၊ စစ်ရေးစစ်ရေးအရပါ ကူညီမှုများကြောင့် မြန်မာဘက်တွင် အလွန်ခိုင်မာသည့် မဟာမိတ်နိုင်ငံတစ်ခု ရှိနေသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို ချုပ်ကိုင်ခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်း စစ်တပ်က အကြောင်းပြကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြားအရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ စစ်တပ်သည် တိုင်းပြည်ကို အုပ်ချုပ်ရန် နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ (SAC) ကို ဖွဲ့စည်းခဲ့သည်။

အာဏာသိမ်းမှုကို မြန်မာ့လူ့အဖွဲ့အစည်းရှိ ကဏ္ဍအားလုံးက ပါဝင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲများသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း စစ်တပ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲသွားခဲ့သည်။

စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ခုခံမှုအတိုင်းအတာအပေါ် အံ့အားသင့်မိကြောင်း ဝန်ခံခဲ့ရသည်။ သို့သော် တရုတ်၏ အားတက်သရော ထောက်ခံမှုသည် စစ်အစိုးရကို သက်သာရာရစေမည့် အထောက်အပံ့တစ်ခု ဖြစ်လာသည်။ အာဏာသိမ်းပြီးပြီးချင်း တရုတ်အစိုးရမီဒီယာများက  ဝန်ကြီးဌာန ၁၁ ခုအတွက် ဝန်ကြီးအသစ်များ ခန့်အပ်ပြီး ဒုတိယဝန်ကြီး ၂၄ ဦးကို ရာထူးမှ ဖယ်ရှားလိုက်သည့် အစိုးရအဖွဲ့ အပြောင်းအလဲမျှသာဖြစ်ကြောင်း နိုင်ငံရေးဖြစ်စဉ်များကို သာမန်ကာလျှံကာ ဖော်ပြခဲ့သည်။ ယင်းက မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား နိုင်ငံတကာကဏ္ဍများတွင် သံတမန်ရေးရာပံ့ပိုးကူညီမှုများ အစဉ်တစိုက် ပေးအပ်ခဲ့သည်။ ဥပမာ- ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးစဉ် ပြည်ပဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေအား ညင်သာစွာကိုင်တွယ်ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။ ထို့ပြင် အခြားနိုင်ငံတကာအသိုင်းအဝိုင်းက တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံရန် တုံ့ဆိုင်းနေခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံတွင်ကျင်းပသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး (LMC) အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံအတွက် အမျိုးအစားစုံလင်သည့် ကာကွယ်ရေးပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသည့် တရုတ်နိုင်ငံနှင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးမှာ နီးကပ်လာခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် Ming အမျိုးအစား ဒီဇယ်နှင့်လျှပ်စစ်ကို အသုံးပြုမောင်းနှင်နိုင်သည့် ရေငုပ်သင်္ဘောကို ပေးအပ်ခဲ့သည်။

လောလောဆယ်တွင် စစ်ကောင်စီရေတပ်သည် သင်္ဘောပေါ်တွင် တရုတ်နည်းပညာရှင်များ ထားရှိခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် FTC-2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ်အား စစ်ကောင်စီထံသို့ ပေးပို့ခဲ့သည်။

သို့သော် တရုတ်က စစ်ကောင်စီအား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုအပေါ် ဝေဖန်မှု အများအပြား ထွက်ပေါ်လာခဲ့သည်။ ဥပမာ- မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ (UN) အထူးကိုယ်စားလှယ်က ၎င်း၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် ရုရှားကဲ့သို့သော အခြားနိုင်ငံများသည် လက်နက်စနစ်များကို အရပ်သားများအား တိုက်ခိုက်ရာတွင် အသုံးပြုမည်ကို သိလျက်နှင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ရှောင်ရှားရန် တရုတ်သည် မြန်မာနိုင်ငံအား လက်နက်များထောက်ပံ့ရာတွင် ပါကစ္စတန်နိုင်ငံကို ကြားခံအဖြစ် အသုံးပြုခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် လူစုလူဝေးဆန္ဒပြပွဲများ တွင်ပါဝင်သူများကို ရည်ရွယ်သည့် မျက်နှာမှတ်သားခြင်းနှင့် အခြား ဒစ်ဂျစ်တယ်နည်းပညာများ ပံ့ပိုးပေးကာ စစ်တပ်၏ ပြည်သူလူထုအပေါ် ထောက်လှမ်းမှုစွမ်းရည်ကို မြှင့်တင်ပေးခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီအပေါ် တရုတ်၏ သံတမန်ရေးနှင့် စစ်ရေးအရ အစဉ်တစိုက် ပံ့ပိုးကူညီမှုကြောင့် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပိုမိုဆိုးရွားလာခဲ့သည်။ အာဏာသိမ်းပြီးပြီးချင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့၌ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တရုတ်စက်ရုံ ၃၂ ရုံခန့် ဖျက်ဆီးခံခဲ့ရပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၃၆ ဒသမ ၈၉ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။ အလားတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းတစ်လျှောက်ရှိ ကင်းစခန်းတစ်ခုမှာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။

ပိုက်လိုင်းများကို ကာကွယ်ရန် မြေမြှုပ်မိုင်းထောင်ခြင်းကဲ့သို့ ကြမ်းတမ်းသည့် နည်းဗျူဟာများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိလာမည်ကို စိုးရိမ်မှုများ ရှိနေသည်။ ထိုသို့ ဆိုးရွားသော နည်းဗျူဟာများကို စစ်တပ်က အသုံးပြုနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ နီကယ်သန့်စင်စက်ရုံရှိ လျှပ်စစ်ဓာတ်တိုင်များ ဖောက်ခွဲဖျက်ဆီးခြင်းကဲ့သို့ တရုတ်စီးပွားရေး အကျိုးစီးပွားများကို ကြိုကြား ကြိုကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးသဘောထားကို ထင်ဟပ်စေသည်။

တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာနေသော်လည်း မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာဒေသသို့ ထွက်ပေါက်ရရှိရန်နှင့် ထိုဒေသအတွင်း တရုတ်၏ တည်ရှိမှုကို မြှင့်တင်ရန် အရေးပါသည့် ကုန်းတွင်းလမ်းကြောင်းဖြစ်သောကြောင့် တရုတ်အနေဖြင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု လမ်းကြောင်းကို လျှော့ချ၊ ပြောင်းလဲမည့် အလားအလာ မရှိပေ။

ထို့ပြင် စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံ၏ သံတမန်ရေးနှင့် စစ်ရေးအရ ပံ့ပိုးကူညီမှုအပေါ် မှီခိုနေခြင်းကြောင့် အရှေ့တောင်အာရှနယ်မြေတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို သိသိသာသာ ကျယ်ပြန့်လာစေသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် သဘာဝသယံဇာတများနှင့် စွမ်းအင်အရင်းအမြစ်များကို ပုံမှန် ထောက်ပံ့ပေးလျက်ရှိသည်။ တရုတ်နိုင်ငံ၏ မြေရှားသတ္တု ထက်ဝက်နီးပါးသည် မြန်မာနိုင်ငံမှ လာသည်ဟု ခန့်မှန်းရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပြင် ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းရှိ ရေနက်ဆိပ်ကမ်းကဲ့သို့သော အကြီးစားစီမံကိန်းများတွင်လည်း တရုတ်နိုင်ငံက ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့သည်။ အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။

ထို့အတူ မကြာသေးမီကလည်း တရုတ်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် မြေယာသိမ်းဆည်းမှု လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကောင်အထည်ဖော်လာနိုင်သည်။
အာဆီယံဒေသအတွင်း တရုတ်ငွေကြေးကို နိုင်ငံတကာသုံးငွေကြေးအဖြစ်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် တရားဝင်ငွေပေးချေမှုအဖြစ် ယွမ်ငွေအား အသုံးပြုခြင်းကို ရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် စတင်ခဲ့ပြီး ယခုအခါ အရှိန်ရလာပြီဖြစ်သည်။

တရုတ်နိုင်ငံသည် စစ်ကောင်စီတပ်နှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို သံတမန်ရေးအရ ပံ့ပိုးကူညီမှုများ ပေးနေသည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိသည်။ ထိုသို့သော ဆက်ဆံရေးများသည် မြန်မာနိုင်ငံတွင် သြဇာညောင်းရန် တရုတ်နိုင်ငံအား ကြီးမားသော အထောက်အပံ့ဖြစ်စေသည်။ သို့သော် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ကြီးထွားလာနေသော မတည်ငြိမ်မှုများက ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် နည်းပညာမြင့်တံတိုင်းတစ်ခု တည်ဆောက်ရန် အကြောင်းဖန်လာခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရေနံပိုက်လိုင်းများကို ကာကွယ်ရန် မြန်မာနယ်စပ်အနီးတွင် ၎င်း၏စစ်အင်အားကို တိုးချဲ့ခဲ့ကြောင်း အစီရင်ခံစာအများအပြားတွင် ဖော်ပြထားသည်။

နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံ အများအပြားသည် အိမ်နီးချင်းနိုင်ငံများနှင့် အချိုးမညီသော အင်အားချိန်ခွင်လျှာ ဆက်ဆံရေးများရှိကြသည်။ သို့သော် တရုတ်နှင့် မြန်မာကြား အင်အားမညီမျှမှုအပေါ် အထူးအာရုံစိုက်သင့်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမျိုးရေး အခင်းအကျင်းတွင် အရေးပါသော အခြေအနေတွင် တည်ရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေးမှ တရုတ်အတွက် သိသိသာသာ အကျိုးဖြစ်ထွန်းခဲ့သည်။

သို့သော် ဒေါ်လာ ၁၇ ထရီလီယံတန် စီးပွားရေးရှိပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့်ပြင် နိုင်ငံတကာတွင် သြဇာလွှမ်းမိုးမှုရရှိလာသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများအတွက် အခြေအနေများကို ဖန်တီးပေးနိုင်ခြင်း မရှိသေးပေ။ နိုင်ငံရေးတည်ငြိမ်မှုကို မပံ့ပိုးပေးနိုင်သည့် အင်အားကြီး ပြည်ပနိုင်ငံ ရှိနေစေကာမူ တိုင်းပြည်တစ်ပြည်ရှိ ပြည်သူများ၏ ဆန္ဒ အောင်မြင်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးခွန်းထုတ်စရာလည်း ရှိလာသည်။

ဥရောပသမဂ္ဂနှင့် အခြားကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်၊ အရေးယူရန် မဟာဗျူဟာကျကျ လုပ်ဆောင်သင့်သည်။ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် စစ်ကောင်စီအပေါ် ပံ့ပိုးကူညီမှုကို တန်ပြန်ရန်လည်း သေချာ စဉ်းစားရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly