လူကုန်ကူးမှု မြင့်တက်လာမှုအပေါ် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်မှုကို တရုတ်က မသိကျိုးကျွံပြုနေသလား

လူကုန်ကူးမှု မြင့်တက်လာမှုအပေါ် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်မှုကို တရုတ်က မသိကျိုးကျွံပြုနေသလား

အရှေ့တောင်အာရှဒေသတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းများနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ရှောင်နိုင်တိမ်းနိုင်သော မြေပြင်အနေအထားကြောင့်သာမက မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ လူရာပေါင်းများစွာကို အလုပ်အကိုင်ကောင်းကောင်းရမည်ဖြစ်ကြောင်း ပြောဆိုသိမ်းသွင်းခဲ့ကာ တရားမဝင် ခရစ်ပတိုငွေကြေးလုပ်ငန်းများ၊ ပြည့်တန်ဆာခန်းများနှင့် အနှိပ်ခန်းများတွင် တစ်ရက်လျှင် ၁၇ နာရီမှ ၁၈ နာရီအထိ အများအားဖြင့် အစာရေစာမကျွေးဘဲ အဓမ္မအလုပ်စေခိုင်းသည့် လူကုန်ကူးဂိုဏ်းများကြောင့်လည်း ဒုက္ခပေးသည့် နိုင်ငံတစ်ခု ဖြစ်နေသည်။ 

ခန့်မှန်းခြေ ဒေါ်လာသန်း ဆယ်နှင့်ချီ၍တန်ကြေးရှိသည့် လူကုန်ကူးမှုလုပ်ငန်း အများဆုံးဖြစ်ပွားရာ နေရာ ၃ ခုဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံရှိ အာဏာပိုင်များ၏ ထိရောက်သည့် နှိမ်နှင်းမှုများ မကြုံရဘဲ ယင်းသည် တရုတ်လူကုန်ကူးဂိုဏ်းများက ကျူးလွန်နေသည့် ခေတ်သစ်ကျွန်ပြုမှုဖြစ်ကြောင်း South China Morning Post က မကြာသေးမီက သတင်းတွင် ဖော်ပြခဲ့သည်။ 

အင်မတန် အချိတ်အဆက်ကောင်းသည့် အဖွဲ့များမှတစ်ဆင့် လုပ်ဆောင်နေသည့် တရုတ်လူကုန်ကူးဂိုဏ်းများ သည် အဆိုပါနိုင်ငံများရှိ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

ဥပမာ လာအိုတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျောက်ဝေသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လောင်းကစားနယ်မြေနှင့် လာအိုနိုင်ငံဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ဗဟိုချက်အဖြစ် သိထားသည့် ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လုပ်ကိုင်ဆောင်ရွက်နေသည်။ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ရှိ အနှိပ်ခန်းများနှင့် ပြည့်တန်ဆာခန်းများတွင် အဓမ္မခိုင်းစေခံခဲ့ရသော လာအိုနှင့် ထိုင်းလူမျိုး ၄၇၇ ဦးကို လာအိုအာဏာပိုင်များက ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း ကယ်တင်ခဲ့ရကြောင်း Radio Free Asia သတင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန်အခြေစိုက် သုတေသနနှင့်စီးပွားရေးအကြံပေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Adrianople အုပ်စု၏ ညွှန်ကြားရေးမှူး သီဘော့ဆားလက်က ရွှေတြိဂံအထူးစီးပွားရေးဇုန်သည် လူကုန်ကူးမှု၊ တောရိုင်းတိရိစ္ဆာန် မှောင်ခိုကူးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ အပါအဝင် တရားမဝင်လုပ်ငန်းအများအပြား နှစ်ပေါင်းများစွာ တည်ရှိသည့် နေရာဖြစ်သည်ဟု ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်က Investment Monitor တွင် ဖော်ပြခဲ့သည့် ၎င်း၏ဆောင်းပါးတွင် ရေးသားခဲ့သည်။

ထို့ပြင် ထိုဇုန်ကို အကြီးစား တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ကြေညာထားသည်ဟု သီဘော့ဆားလက်က ဆိုသည်။ တရုတ်နိုင်ငံသား ကျောက်ဝေသည် လူကုန်ကူးမှုနှင့်ဆက်နွှယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၁၈ ခုနှစ်ကတည်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။

သို့သော် ကျောက်ဝေသည် ပြစ်ဒဏ်ခံရခြင်းမရှိဘဲ အရှေ့တောင်အာရှဒေသတခွင်တွင် လှည့်လည်နေထိုင်ကာ အထူးစီးပွားရေးဇုန်တွင် အလုပ်ခန့်ရန် လာအိုနှင့် ထိုင်းမိန်းကလေးများ၊ အမျိုးသမီးများနှင့် အမျိုးသားများကို ဆက်လက် စုဆောင်းလျက်ရှိသည်။ “မဲခေါင်ဒေသတစ်လျှောက် လုံခြုံရေးနှင့် ရာဇဝတ်မှုပြဿနာများ ရှိနေသည့် အထူးစီးပွားရေးဇုန်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အများအပြားရှိသော်လည်း ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာ အဆိုးရွားဆုံးနှင့် နာမည်ဆိုးဖြင့် အကျော်ကြားဆုံးဖြစ်ပြီး ကျောက်ဝေနှင့် ၎င်း၏အဖွဲ့သည် ငွေကြေးအလွန်တောင့်တင်းကာ ပိတ်ဆို့အရေးယူမှုများကြားမှ ငွေကြေးများ လွှဲပြောင်းနိုင်နေသည်မှာ သိသာထင်ရှားသည်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးမှ အကြီးတန်းအရာရှိ ဂျယ်ရမီ ဒေါက်ဂလပ်စ်ကို ကိုးကား၍ Voice of America သတင်းတွင် ဖော်ပြခဲ့သည်။

သို့သော် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် ကမ္ဘာနှင့်အလှမ်းဝေးကာ အထီးကျန်သွားပြီး  တရုတ်နိုင်ငံမှ လူကုန်ကူးသူများ ကျက်စားရာနေရာအဖြစ် ပြောင်းလဲသွားခဲ့ကာ အင်မတန် စိုးရိမ်စရာကောင်းသည့် အခြေအနေတွင် ရှိသည်။

ထိုင်းနိုင်ငံတွင် Facebook ကြော်ငြာမှတစ်ဆင့် အလုပ်ရှာဖွေခဲ့ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခံခဲ့ရသည့် အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီး ၃ ဦးသည် အင်န်ဂျီအိုအဖွဲ့တစ်ခု၏ အကူအညီဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ တရုတ်လူကုန်ကူးသူများ၏လက်မှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် လွတ်မြောက်လာခဲ့သည်။ 

ထိုင်းပွဲစားတစ်ဦး၏ Facebook ကြော်ငြာတွင် မြန်မာနိုင်ငံရှိ ဖျော်ဖြေရေး လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ပါက တစ်လလျှင် ဘတ် ၅၀ ၀၀၀ (၁,၄၈၅ ဒေါ်လာ) နှင့် အထက်ရရှိမည်ဖြစ်ကြာင်း ဝန်ထမ်းသစ်တိုင်းကို ကတိပေးထားသည်။ အဆိုပါ ထိုင်းအမျိုးသမီးများသည် ၎င်းတို့အား သဘောရိုးဖြင့်ခေါ်ယူသည်ဟု ယူဆကာ အလုပ်ကို လိုလိုလားလား လက်ခံခဲ့ပြီး နောက်ပိုင်းတွင် ပြောမထွက်နိုင်အောင် ဆိုးရွားသည့် တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံများကို လအတော်ကြာ ခံစားခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ လူကုန်ကူးခံရသူ ထိုင်းအမျိုးသမီးများသည် အစာရေစာ အငတ်ထားခြင်း၊ ရိုက်နှက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခိုင်းခြင်းနှင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် စေခိုင်းခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ထုတ်ဝေသည့် Benar News သတင်းတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာ တိုင်ကြားမှုများသည် ၂၀၂၁ ခုနှစ်တွင် ၁၀၂ မှုရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၅၅ မှုအထိ ၂ ဆတိုးလာသည်ဟု အင်န်ဂျီအို တစ်ခုဖြစ်သည့် ကလေးငယ်များနှင့်အမျိုးသမီးများဆိုင်ရာ ဖောင်ဒေးရှင်း၏ အချက်အလက်များကို ကိုးကား၍ Benar News သတင်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံနယ်နိမိတ်ကျော်လွန်ကွန်ရက်ဖြန့်ကြက်ထားသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ လှုပ်ရှားကျက်စားရာ ဗဟိုချက်ဖြစ်လာသည်ဟု အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးဌာနက ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (SAZ) ဟု ခေါ်သည့် ကိုးကန့်တွင် နိုင်ငံရေးနဲ့ စီးပွားရေး ဦးဆောင်အဖွဲ့သည် ၎င်း၏ ဩဇာအာဏာအားလုံးကို လောင်းကစားနှင့် ဆက်စပ်ဆောင်ရွက်ချက်များဖြင့် တည်ဆောက်ထားသည်” ဟု ငြိမ်းချမ်းရေးဌာန၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကိုးကန့်နှင့် တရုတ်ရာဇဝတ်ဂိုဏ်းများကြားက ချိတ်ဆက်မှုမှာ နက်ရှိုင်းသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် တရားမဝင် လောင်းကစားရုံများ၊ လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်များနှင့် ပတ်သက်သည့် ရာနှင့်ချီသော ရာဇဝတ်မှုဆိုင်ရာ စီရင်ချက်များကို တရုတ်တရားရုံးက မှတ်တမ်းတင်ထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန(ATPD) က ၂၀၂၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၈၈ ခုရှိခဲ့ကာ ယမန်နှစ်က လူကုန်ကူးမှု ၂၄၈ မှုအား တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ လူကုန်ကူးမှုများ၏ ထက်ဝက်ကျော်မှာ တရားမဝင် အွန်လိုင်းအလုပ်အကိုင်ခေါ်ယူမှုများကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများတွင် တွေ့ရသည်။

ကမ္ဘောဒီးယားတွင်မူ လူမှောင်ခိုကူးခြင်းကို ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်တစ်ခု၏ ရှုမြင်ထားပြီး တရုတ်နိုင်ငံသားများ ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများ၏ လက်အောက်တွင် တစ်နည်းအားဖြင့် မအောင်မြင်ခဲ့ပေ။
ဖနွမ်းပင်၌ နိုင်ဝင်ဘာလတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံအတွင်းရှိ တရားမဝင်လောင်းကစားနှင့် လူကုန်ကူးမှုများကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းရန် အမိန့်ပေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လောင်းကစားဗဟိုချက်ဖြစ်သော စီဟန်နုဗီးလ်မြို့နှင့် ဖနွမ်းပင်မြို့များ၌ လူကုန်ကူးမှုဆောင်ရွက်ချက်များတွင် ပါဝင်ပတ်သက်သူ ထောင်နှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း မီဒီယာများက ဖော်ပြကြသည်။ သို့သော် လူကုန်ကူးမှုများ ရပ်တန့်သွားခြင်း မရှိသေးပေ။

ခရစ်ပတိုငွေကြေး လိမ်လည်ရန် အဓမ္မခိုင်းစေခဲ့သည်ဟု စွပ်စွဲခံထားရသည့် တရုတ်ဂိုဏ်းတစ်ခု၏လက်မှ ဖိလစ်ပိုင်နိုင်ငံသားတစ်စုကို ကမ္ဘောဒီးယားအာဏာပိုင်များက ဇန်နဝါရီလ ၁၈ ရက်တွင် ကယ်တင်ခဲ့သည်။ လက်တွေ့တွင် လူကုန်ကူးမှုအန္တရာယ်သည် အရှေ့တောင်အာရှဒေသအတွင်း တရားမဝင်လုပ်ငန်းအားလုံး၏ ဗဟိုချက်ဖြစ်လာသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး အဆိုပါကိစ္စအတွက် တရုတ် နိုင်ငံသားများ ဦးစီးသည့် ရာဇဝတ်ဂိုဏ်းများတွင် တာဝန်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းတွင် လူကုန်ကူးမှု ၃၅၉ မှုအထိ တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား လူကုန်ကူးမှု တိုက်ဖျက်ရေး နိုင်ငံတော်အဆင့်ကော်မတီက ၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ပထမ ၆ လတွင် ကမ္ဘောဒီးယားနိုင်ငံသည် လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ၁၉၈ မှုကို နှိမ်နင်းခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြခဲ့သည်။

အရှေ့တောင် အာရှတစ်လွှားတွင် သြဇာလွှမ်းမိုးမှုကြီးမားသည့် တရုတ်နိုင်ငံက မီးစိမ်းတစ်ချက် ပြလိုက်ရုံဖြင့် ဒေသတွင်း လူကုန်ကူးမှု ပြဿနာကို တိုက်ဖျက်ရာတွင် အထောက်အကူ ပြုနိုင်သည်ဟု ဝေဖန်သူများက ပြောဆိုကြသော်လည်း တရုတ်နိုင်ငံသားများ ဦးဆောင်သည့် ဂိုဏ်းများ၏ အန္တရာယ်ကြောင့် ဒေသမှာ သတင်းဆိုးထွက်နေသည့်တိုင် တရုတ်နိုင်ငံအနေဖြင့် ယင်းပြဿနာကို အဘယ်ကြောင့် မသိကျိုးကျွံပြု ယောင်ခြောက်ဆယ်လုပ်နေသည်ကို မည်သူမျှ မသိနိုင်ပေ။ 

Is China overlooking its neighbours’ concern on rising human trafficking cases?
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly