မြစ်ကြီးနားမြို့ ယာဉ်ထိန်းရဲရုံးကို ပစ်ခတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  ၂ ဦး ဖမ်းဆီးခံရ

By မဇ္ဈိမ
31 January 2023
မြစ်ကြီးနားမြို့ ယာဉ်ထိန်းရဲရုံးကို ပစ်ခတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  ၂ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊သီတာရပ်ကွက်ရှိ ယာဉ်ထိန်းရဲရုံးကို ဝင်ပစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ယနေ့ ဇန်နဝါရီလ ၃၀ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က ယာဥ်ထိန်းရဲရုံးအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးပစ်တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ 

အဆိုပါရုံးအား လာရောက်တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ရဲတပ်သားနှင့် စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်‌ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်က ဆိုသည်။ 

“သိတဲ့အတိုင်း မော်တော်ပီကယ်ရုံး(ယာဉ်ထိန်းရဲရုံး)လမ်းက အပိတ်လမ်းတွေပဲလေ။ အဲ့မှာ နှစ်ယောက်ကိုမိသွားတာ။ တစ်ယောက်ကတော့ အားကာရုံးနောက်က ရေကူးကန်ဘက်ကို ဝင်ပြီး ပျောက်သွားတယ်ပြောတယ်။ သေနတ်သုံးလက်နဲ့ လူနှစ်ယောက်ကိုတော့ မိထားတယ်။ အခုဒီဘက်က လွတ်သွားတဲ့တစ်ယောက်ကို ပိုက်စိပ်တိုက်ပြီး ရှာနေတယ် ”ဟု ၎င်းကပြောသည်။ 

ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို အရပ်ဝတ်ဖြင့် သေနတ်များကိုင်ဆောင်ပြီး ကင်းပုန်းစောင့်နေသည့် လူငါးဦးခန့်က  လမ်းပိတ်ဆို့ ဖမ်းဆီးကာ ကြိုးတုပ်ပြီး အိမ်စီးကားတစ်စီးပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်များက အတည်ပြုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်တိုက်ခိုက်မှု‌ကြောင့် မော်တော်ပီကယ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ 

ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး၏ အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required