အမေရိကန် ပူးတွဲကျင်းပသည့် ဒေသတွင်းကာကွယ်ရေးအစည်းအဝေးသို့ မြန်မာအား ဖိတ်ကြား 

အမေရိကန် ပူးတွဲကျင်းပသည့် ဒေသတွင်းကာကွယ်ရေးအစည်းအဝေးသို့ မြန်မာအား ဖိတ်ကြား 

ဇန်နဝါရီလ ၃၁ ရက်

မြန်မာနိုင်ငံတွင် မွတ်စလင်ရိုဟင်ဂျာ လူနည်းစုများအား လူမျိုးစုရှင်းလင်းရေး လုပ်ဆောင်ထားသည်ဟု စွပ်စွဲခံရသည့် မြန်မာစစ်တပ်အား အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ပူးတွဲကျင်းပသည့် ဒေသတွင်း ကာကွယ်ရေးအစည်းအဝေးတစ်ရပ်ဆီ ဖိတ်ကြားထားကြောင်း အမေရိကန်စစ်တပ်က တနင်္လာနေ့တွင် ပြောသည်။ 

မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ်အတွင်းက စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာတွင် အများစု မွတ်စလင်ရိုဟင်ဂျာ ၇၃၀,၀၀၀ သည် သတ်ဖြတ်ခံရခြင်းများ၊ အဓမ္မပြုကျင့်ခံရခြင်းများနှင့် မီးရှို့ခံရခြင်းများမှ နေအိမ်များကို စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ၂၀၂၁ တွင် မြန်မာစစ်တပ်သည် အာဏာသိမ်းယူခဲ့သည်။ 

မြန်မာစစ်တပ်၏ ရိုဟင်ဂျာလူနည်းစုများအပေါ် ကျူးလွန်သော အကြမ်းဖက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအရာမြောက်သည်ဟု ပြီးခဲ့သည့်နှစ်၌ သမ္မတ ဂျိုး ဘိုင်ဒင်အစိုးရက တရားဝင်သတ်မှတ်ခဲ့သည်။ စစ်တပ်ကမူ လူမျိုးတုံးသတ်ဖြတ်သည်ဆိုခြင်းအား ငြင်းဆန်ပြီး တိုက်ခိုက်လာသည့် ရိုဟင်ဂျာတိုက်ခိုက်ရေးသမားများကို ရည်ရွယ်ပြီး ဖြိုခွင်းခြင်းသာဖြစ်သည်ဟု ဆိုသည်။ 

ရိုဟင်ဂျာ တစ်သန်းကျော်ထက်မနည်းသည် နိုင်ငံသားဖြစ်ခွင့်နှင့် အခြားသော အခွင့်အရေးများ တော်တော်များများ ငြင်းဆန်ခံရသည့် မြန်မာနိုင်ငံသို့ ပြန်ရေးမှာလည်း အလားအလာ နည်းပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ညစ်ပတ်ပေရေသော စခန်းများတွင် နေထိုင်နေရလျက် ရှိသည်။ 

ရေပြင်လုံခြုံရေးနှင့် ဆက်စပ်လှုပ်ရှားမှုများအတွက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ပညာရှင်အဖွဲ့ တွေ့ဆုံခြင်း ADMM-Plus ကို အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က သဘာပတိမူ ကျင်းပလျက်ရှိသည်။ 

တက်ရောက်သူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သတ်မှတ်ခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ 

“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို အင်တိုက်အားတိုက် တုံ့ပြန်ရေးမှာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဆက်လက်ပူးပေါင်းနေတယ်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ တရားမဲ့ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ရေးနဲ့ ဒီမိုကရေစီဆီ ပြန်သွားရေးအပြင် ADMM-Plus ဖိုရမ်တွေကနေပြီးလည်း ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု ပင်တဂွန်ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မာတီ မိုင်နာက ပြောသည်။ 

ယခုကဲ့သို့ မြန်မာနိုင်ငံအား ဖိတ်ကြားသည်ဆိုသော သတင်းကို Myanmar Now သတင်းဌာနက ပထမဆုံး သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

ကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်ကာ မြန်မာနိုင်ငံအား ဖိတ်ကြားခြင်းသည် အမေရိကန်နိုင်ငံအနေဖြင့် ပထမဆုံးလည်း မဟုတ်ပေ။ ပြီးခဲ့သည့်နှစ်က အွန်လိုင်းမှ ကျင်းပသော အလားတူဖိုရမ်သို့ မြန်မာနိုင်ငံက တက်ရောက်ခဲ့သည်။ 

၂၀၁၇ ခုနှစ်အတွင်းကလည်း အမေရိကန်နှင့် ထိုင်းနိုင်ငံသို့ ဦးဆောင်သည့် နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုသို့ မြန်မာအား စောင့်ကြည့်သူအဖြစ် ပင်တဂွန်က ဖိတ်ကြားခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly