တနင်္သာရီမြို့ မရင်းကြီးရွာ၌ စစ်ကောင်စီတပ် ရောက်ရှိလာချိန် PDF က အလစ်တိုက်ခိုက်၍ ပြန်ဆုတ်ခဲ့ရ 

By ကိုရွှေမြိတ်(မဇ္ဈိမ)
31 January 2023
တနင်္သာရီမြို့ မရင်းကြီးရွာ၌ စစ်ကောင်စီတပ် ရောက်ရှိလာချိန် PDF က အလစ်တိုက်ခိုက်၍ ပြန်ဆုတ်ခဲ့ရ 

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မရင်းကြီးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲဖို့ ရောက်ရှိလာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်မှုပြုလုပ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ မရင်းကြီးရွာကို တပ်စွဲဖို့ လာရောက် ကြိုးစားသည့် စစ်ကောင်စီ တပ်ကို တနင်္သာရီမြို့နယ် (ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း (၂)၊ KawThoo Lei Army တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ပကဖ အဖွဲ့ထံမှ သိရသည်။ 

တနင်္သာရီ ပကဖ အဖွဲ့ဝင် တစ်ဦးက"ကျနော်တို့ မိနစ် ၃၀ လောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်၊ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ပြီး ကျနော်တို့ ပူးပေါင်းဖွဲ့မှ ဘေးကင်းစွာ ပြန်ဆုတ်ခဲ့တယ်"ဟု ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်က တပ်စွဲမည့် အစီအစဥ်ကို ဖျက်ပြီး ပြန်ဆုတ်သွားခဲ့သည်။ ယင်း တိုက်ပွဲ ဖြစ်ပွားနေချိန် အတွင်း (၅၅၈) တပ်ရင်း ဖြစ်သည့် စစ်ကောင်စီ တပ်သားများက ရမ်းသန်း ပစ်ခတ်မှုကြောင့် သမုတ်ချုံးရွာထဲရှိ နေအိမ် တစ်လုံး ပျက်စီးသွားခဲ့ပြီး အရပ်သား အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

လက်တလောတွင် မရင်းကြီးရွာ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့၍ အနီးအနားရှိ ကျေးရွာ သုံးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required