PDF ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းများလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီက SMS စာတိုများပေးပို့ခြိမ်း​ခြောက် 

By 001 (မဇ္စျိမ)
31 January 2023
PDF ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းများလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီက SMS စာတိုများပေးပို့ခြိမ်း​ခြောက် 

PDF ဂိမ်းများ ကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်း၊ အားပေးထောက်ပံ့ခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်​အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCCT) က ဆက်သွယ်ရေး ဖုန်းအော်ပရေတာများကတစ်ဆင့် သုံးစွဲသူများထံ ဇန်နဝါရီလ ၃၀ရက်နေ့က SMS စာတို​ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။ 

"သူတို့က​တော့ ​ပြောချင်တာ​ပြော​ပေါ့။ ပြည်သူက သူတို့ကို အ​ရေးမှ မလုပ်​တော့တာ ထိ​ရောက်မယ်လို့ မထင်ပါဘူး"ဟု CDF-Matupi Fundraising Committee အဖွဲ့ဝင်တစ်ဦးက​ ပြောသည်။ 

ထို့အပြင် စစ်​ကောင်စီက လူမှုကွန်ရက်စာမျက်နှာတွင် Post ၊ Share ၊ Like၊ Comment တင်ခြင်းများနှင့် ပတ်သက်ပြီး အ​ရေးယူခံရနိုင်သည်ဟုလည်း စာတိုများပေးပို့ ​ခြိမ်း​​ခြောက်ခဲ့သည်။ 

"ဒါက​တော့ ကိုယ့်လွတ်လပ်ခွင့်ဆုံးရှုံးတာ​ပေါ့။ ဒါက မလုပ်သင့်တာ​၊ ညစ်ပတ်တာ​ပေါ့။ အခု facebookလည်း ပိတ်ခဲ့ပြီးပြီ​လေ။ ဘာပဲဖြစ်ဖြစ် ပြည်တွင်း​နေတဲ့သူက သူ့ဆက်သွယ်​ရေးပဲသုံး​နေတာဆို​တော့ အရင်ကထက် သတိထားရတယ် "ဟု ​နေပြည်​တော်ရှိ ပြည်သူတစ်ဦးက​ ပြောသည်။ 

အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီက လူ့အခွင့်အ​ရေးချိုး​ဖောက်မှု များစွာပြုလုပ်​နေပြီး ၎င်းတို့ကို လူမှုကွန်ရက်စာမျက်နှာတွင် ဆန့်ကျင်​ရေးသားသူများကိုလည်း ​နေ့စဥ်နှင့်အမျှ လိုက်လံဖမ်းဆီး​နေသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၃,၇၁၉ ဦးရှိပြီး ၎င်းတို့အနက်မှ  ၂,၂၁၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required