လေကြောင်းမှ ဗုံးကြဲခံရ၍ ကုက္ကိုလ်ကုန်းရွာမှ အမျိုးသမီးသေဆုံးပြီး နေအိမ် ၃လုံးပြာကျ 

By ကိုခင်မောင်(မဇ္ဈိမ)
31 January 2023
လေကြောင်းမှ ဗုံးကြဲခံရ၍ ကုက္ကိုလ်ကုန်းရွာမှ အမျိုးသမီးသေဆုံးပြီး နေအိမ် ၃လုံးပြာကျ 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးကာ ကျေးရွာအတွင်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းမီးရှို့မှုကြောင့် လူနေအိမ် သုံးလုံးမီးလောင်ပြာကျခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ရက်က  ကုက္ကိုလ်ကုန်းရွာတွင် စစ်ကောင်စီတပ်မှ  MI 35 နှစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး  MI 17 နှစ်စီးဖြင့် စစ်သား ၁၀၀ခန့်ချထားခဲ့ကာ ရွာထဲကို မွှေနှောက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း Kawlin infoမှ တာဝန်ရှိသူက ဆိုသည်။ 

“လေယာဉ်နဲ့ ပစ်ခတ်မှုကြောင့် မခိုင်ဇင်နွယ် (အသက် ၃၄နှစ်)  သေဆုံးပါတယ်။ အသက် ၃၀အရွယ်အမျိုးသမီးတစ်ဦးလည်း  ဒါဏ်ရာရတယ်ဗျ။  ရွာကနေ စခ(စစ်ကောင်စီတပ်သား)တွေထွက်တော့ မီးရှို့ထားခဲ့လို့ သုံးအိမ်ပြာကျတယ်။ တခြားအိမ်တစ်လုံးကတော့  အိမ်အနည်းငယ်လောင်သွားပါတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။ 

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အသက် ၃၄နှစ်အရွယ် မခိုင်သဇင်နွယ်တွင် အသက်နှစ်နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသားကျန်ရစ်ခဲ့ကြောင်း ၎င်းဒေသခံထံမှ သိရသည်။ 

စစ်ကောင်စီတပ်သားများသည် မခိုင်သဇင်နွယ်ရုပ်အလောင်းကို ကုက္ကိုလ်ကုန်းရွာရှိ ဦးဗိုလ်ဝေနှင့် ဦးဗိုလ်တိုက်စိုးတို့ ခြံနှစ်ခုအလယ်က အမိုက်ကျင်းထဲတွင် မြေမြုပ်ထားခဲ့ကြောင်းလည်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်သားများသည် ဇန်နဝါရီ ၂၉ရက်နေ့တွင် ကုက္ကိုလ်ကုန်းရွာမှ ကျောက်တန်းရွာသို့ စစ်ကြောင်းထိုးထွက်ခွာသွားခဲ့ပြီး ကုက္ကိုလ်ကုန်းရွာသား ဦးမောင်ဦးဆိုသူကို ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့ ဇန်နဝါရီ ၃၀ရက်နေ့ထိ ပြန်မလွှတ်သေးကြောင်းလည်း ဆိုသည်။ 

ယင်းစစ်ကောင်စီတပ် စစ်ကြောင်းသည် ကျောက်တန်းရွာမှ ကုက္ကုလ်ကုန်းရွာဘက်သို့ စစ်ကြောင်းပြန်လှည့်မည်ဟု သတင်းကြားရသဖြင့် ဇန်နဝါရီ ၃၁ရက်နေ့ ညပိုင်းတွင်  ဒေသခံများသည်  ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ကြကြောင်းလည်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။ 

ကုက္ကိုလ်ကုန်းရွာအတွင်းသို့ လေယာဉ်များနှင့် လာချသည့် စစ်ကောင်စီတပ်သားများတွင် ခမရ (၃၆၉)မှ တပ်သားများဖြစ်ပြီး အရာရှိ ခုနစ်ဦးအပါအဝင် တပ်သားအင်းအား ၇၂ဦးပါရှိကြောင်း လမ်းပိုင်းတစ်နေရာတွင် ကောက်ထားရသည့် ၎င်းတို့ လူအင်အားစာရင်းဖိုင်များအရ သိရသည်ဟုလည်း ဆိုသည်။ 

ကောလင်းမြို့နယ်တွင် ဖုန်းလိုင်းများဖြတ်တောက်ခံထားရသဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရင်း အဆက်အသွယ်မရသည့် ဒေသခံ ခုနစ်ဦးကိုလည်း  နေကောင်းကျန်းမာစွာ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required