ကမ္ဘာတစ်ဝန်းတွင် တရုတ်၏ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ မချုပ်ထိန်းနိုင်လောက်အောင် တစ်ဟုန်ထိုး ကြီးထွားလာ 

By ANI
31 January 2023
ကမ္ဘာတစ်ဝန်းတွင် တရုတ်၏ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ မချုပ်ထိန်းနိုင်လောက်အောင် တစ်ဟုန်ထိုး ကြီးထွားလာ 

ကမ္ဘာတစ်ဝန်းတွင် တရုတ်နိုင်ငံ၏ ကမ်းဝေးငါးဖမ်းလုပ်ငန်းများသည် စီမံထိန်းချုပ်ရန် မလွယ်ကူလောက်အောင် လျင်မြန်စွာ ကြီးထွားနေသောကြောင့် ကမ္ဘာ့ငါးအကောင်ရေပမာဏ  လျော့နည်းကာ အဏ္ဏဝါဂေဟစနစ်ကို အနှောင့်အယှက် ဖြစ်စေသည်ဟု HK Post က ဖော်ပြသည်။

ထို့ပြင် ယင်းလုပ်ရပ်များသည် အခြားနိုင်ငံများနှင့် သံတမန်ရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တင်းမာမှုများ၏ အကြောင်းရင်းလည်း ဖြစ်လာသည်။ ပင်လယ်ပြင်တွင်သာမက အခြားနိုင်ငံများ၏ သီးသန့်စီးပွားရေးဇုန်များတွင် လုပ်ဆောင်နေသော တရုတ်နိုင်ငံ၏ ကမ်းဝေးငါးဖမ်းရေယာဉ်အုပ်စု (DWF) သည် ခန့်မှန်းခြေအားဖြင့် သင်္ဘော ၂၇၀၀ ခန့်ပါဝင်သော ကမ္ဘာ့အကြီးဆုံး ရေယာဉ်အုပ်စုဖြစ်သည်။

နိုင်ငံအများအပြားသည် ၎င်းတို့၏ ငါးဖမ်းမှုအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသောကြောင့် ကမ်းဝေး ရေပြင်ငါးဖမ်းကဏ္ဍသည် လျှို့ဝှက်ပြီး စည်းကြပ်မှုမရှိသည့်အတွက် နာမည်ဆိုးဖြင့်ကျော်ကြားသည်ဟု HK Post က ဖော်ပြသည်။
တရုတ်နိုင်ငံသည် ဥပဒေနှင့် ဆန့်ကျင်၍ အစီရင်ခံထားခြင်းမရှိသော၊ စည်းကြပ်မှုမရှိသည့် ငါးဖမ်းခြင်း (IUU)၊  တားမြစ်ထားသောမျိုးစိတ်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ နဂိုအတိုင်းပြန်မဖြစ်နိုင်သော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကိုဖြစ်စေခြင်း အပြင် ထောက်လှမ်းစုဆောင်းခြင်း၊ သူလျှိုလုပ်ခြင်းနှင့် အာကာသခြေရာခံခြင်းတို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း တွေ့ရှိရသည်။ 

တရားမဝင် တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘောများ ရှိနေခြင်းကို ကမ္ဘာတစ်ဝန်းလုံးက သတိပြုမိကြသော်လည်း အထူးသဖြင့် အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့တွင် ပိုဆိုးလာသည်ဟု HK Post က ဖော်ပြသည်။

အိန္ဒိယသမုဒ္ဒရာဒေသ (IOR)၊ တောင်တရုတ်ပင်လယ်ဒေသအပြင် အရှေ့အာရှနိုင်ငံများနှင့် ရုရှားနိုင်ငံတို့သည် တရုတ်သင်္ဘောများ၏ တရားမဝင် စည်းကမ်းမဲ့ ငါးအလွန်အကျွံဖမ်းခြင်းနှင့် အထူးစီးပွားရေးဇုန်ဥပဒေ ချိုးဖောက်ခြင်းခံရသော သားကောင်များ ဖြစ်ကြသည်။ အိန္ဒိယသမုဒ္ဒရာဒေသတွင် ဒေသတွင်း နိုင်ငံများစွာရှိသော်လည်း တရုတ်ကမ်းဝေးငါးဖမ်းရေယာဉ်များသည် အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းဒေသ (NIOR) တွင် ပို၍ အတင့်ရဲလာသည်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းဒေသသည် ကမ္ဘာ့ရေကြောင်းသွားလာမှု အများဆုံးဖြစ်၍ အရေးပါသော ဒေသတစ်ခု ဖြစ်ကာ သံသယဖြစ်ဖွယ် တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘောများ ရှိနေခြင်းမှာ စိုးရိမ်စရာကောင်းသည်။ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အီရန်နှင့် အိုမန်တို့ကဲ့သို့ နိုင်ငံများပါဝင်သည့် NIOR တွင် မှတ်ပုံမတင်ထားသည့် တရုတ်ငါးဖမ်းသင်္ဘောများ များပြားလာနေကြောင်း HK Post က ဖော်ပြသည်။

အိန္ဒိယသမုဒ္ဒရာအတွင်း ၂၀၂၀ ခုနှစ်က တရုတ်နိုင်ငံ၏ တရားမဝင် စည်းကမ်းမဲ့ ငါးအလွန်အကျွံဖမ်းမှုသည် ၃၇၉ ကြိမ်ရှိ၍ ၂၀၂၁ ခုနှစ်တွင် ၃၉၂ ကြိမ်အထက်ရှိကြောင်း အိန္ဒိယရေတပ်က ဆိုသည်။ ထို့ပြင် အိန္ဒိယ၏ အက်ဒမန်နှင့် နီကိုဘာကျွန်းများ အပါအဝင် အခြားနိုင်ငံများ၏ ပိုင်ဆိုင်မှုများကို ထောက်လှမ်းရန်နှင့် အချက်အလက်စုဆောင်းရန် တရုတ်က ငါးဖမ်းလှေများ အသွင်ယူထားသော သူလျှိုသင်္ဘောများကို အသုံးပြုနေ ကြောင်းလည်း HK Post က ဖော်ပြသည်။

သီရိလင်္ကာနှင့် မော်လ်ဒိုက်တို့ကဲ့သို့ NIOR ရှိ ကျွန်းနိုင်ငံများတွင် ပြည်ကြီးငါး ဖမ်းစက်များ၊ ဆွဲပိုက်ချ သင်္ဘောများနှင့်ပင်လယ်ကူးသင်္ဘောကြီးများရှိနေပြီး  အာရေဗျပင်လယ်ရှိ အိုမန်ပင်လယ်ကွေ့ကဲ့သို့ အခြား ပစ်မှတ်ဒေသများသို့ မသွားမီ အဆိုပါဧရိယာတွင် ငါးဖမ်းကြသည်။ နိုင်ငံအများအပြားက တရုတ်သင်္ဘောများ၏ ငါးဖမ်းမှုကို အပြင်းအထန်ကန့်ကွက်နေသလို အချို့ကလည်း တင်းကျပ်သော စည်းကမ်းချက်များ ချမှတ်ထားသည်။ 

အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သော အဖွဲ့သည် ဒေသတွင်းတွင် ပိုမိုတိကျသော ရေကြောင်းသွားလာမှုဆိုင်ရာ အခြေအနေများကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်သည့် အင်ဒို-ဖစိဖိတ် ရေကြောင်းလွှမ်းမိုးမှု ပညာပေးရေးအဖွဲ့ (IPDMA) ၏ ရည်မှန်းချက်အောက်တွင် ဒေသတွင်းအဓိကထား အားထုတ်မှုတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။ သို့သော် တရုတ်နိုင်ငံ၏ ကမ်းဝေး ငါးဖမ်းရေယာဉ်စုကို ထိန်းချုပ်နိုင်ရန် ဥပဒေများ၊ မူဝါဒများနှင့် တင်းကျပ်သော အစီအမံများကို ချမှတ်ရန်မှာ အရေးကြီးလာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly