မြေရှားသတ္တုများကို တရုတ်အပိုင်စီးထားမှုက ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဆဲ

By ANI
31 January 2023
မြေရှားသတ္တုများကို တရုတ်အပိုင်စီးထားမှုက ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဆဲ

တရုတ်နိုင်ငံသည် မြေရှားသတ္တုဈေးကွက်ကို အပြည့်အဝ လွှမ်းမိုးထားသည်။ တရုတ်သည် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့မြေရှားသတ္တု၏ ၆၁ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ပြီး တန်ချိန်အားဖြင့် ၁၆၈ ၀၀၀ တန်ရှိသည်။ ထိုသို့ အသာစီးရနေမှုကြောင့် နံပါတ် ၁  ဗျူဟာမြောက်ပြိုင်ဘက် တရုတ်အပေါ် မှီခိုမှုလျှော့ချရန် ရည်ရွယ်နေသော  အမေရိကန်ကဲ့သို့ နိုင်ငံများအတွက် အလွန်အမင်းစိုးရိမ်စရာဖြစ်လာသည်။

အထက်ဖော်ပြပါ ကိန်းဂဏန်းသည် အရိပ်အမြွက်သာရှိသေးပြီး ကမ္ဘာ့မြေရှားသတ္တုသံလိုက်ထုတ်လုပ်မှု၏ ၈၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဖြစ်သည်။
တရုတ်နိုင်ငံတွင် မြေရှားသတ္တုအရန်တန်ချိန် ၄၄ သန်းခန့်ရှိသည်။ ဗီယက်နမ်၊ ဘရာဇီးနှင့် အိန္ဒိယတို့တွင် ယင်းပမာဏ၏ ထက်ဝက်ခန့်နှင့် အမေရိကန်တွင် တန်ချိန် ၁ ဒသမ ၈ သန်းသာရှိသည်။ 

တရုတ်နိုင်ငံသည် ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များအလွန် စုပေါင်းကမ္ဘာခေတ်အတွင်း ယင်းနယ်ပယ်တွင် တိုးတက်လာကြောင်း တွေ့ရသည်။  အစိုးရ၏ ထောက်ပံ့မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားမှုနည်းပါးခြင်းနှင့် လုပ်အားခသက်သာမှုများကြောင့် မိုင်းတွင်းလုပ်ငန်းများ တိုးတက်လာသည်။ ထို့ကြောင့် ထုတ်လုပ်မှုက စျေးကွက်ကို လွှမ်းမိုးခဲ့ပြီး နိုင်ငံရပ်ခြားမှ ပြိုင်ဘက်အများအပြားကို လုပ်ငန်းနယ်ပယ်မှ ထွက်ခွာစေခဲ့သည်။

ကနေဒါအခြေစိုက် ဓာတ်သတ္တုရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်သည့် Defence Metals ကော်ပိုရေးရှင်း၏ ဥက္ကဌနှင့် ဒါရိုက်တာ ဒေါက်တာ လူဆာ မော်ရန်းနိုး က "တရုတ်က မြေရှားသတ္တုကဏ္ဍကို စတင် ကြီးစိုးလာတာ ၁၉၈၀ ခုနှစ် ဝန်းကျင်လောက်က ဖြစ်မယ်ထင်တယ်” ဟု ANI သို့ ပြောကြားသည်။
လေအားသုံးတာဘိုင်တစ်ခုသည် မြေရှားသတ္တုဒြပ်စင် ၆၀၀ ကီလိုဂရမ် လိုအပ်ပြီး လျှပ်စစ်ကားဘက်ထရီတစ်လုံးသည် ၁၁ ကီလိုဂရမ် လိုအပ်သည်။

စီးပွားရေးကဏ္ဍများအပြင် ယင်းမြေရှားသတ္တုများသည် စစ်ဘက်ရေးရာတွင်လည်း အရေးပါသည်။ မြေရှားသတ္တုများကို တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ ညကြည့်မျက်မှန်များ၊ သေနတ်များ၊ ရေဒါများ၊ အီလက်ထရွန်းနစ် ဖန်သားပြင်များ၊ လမ်းညွှန်စနစ်များ၊ လေဆာများ၊ ရေဒါများ၊ အသံလှိုင်းဖြင့် ရေအောက်ရှာဖွေရေးကိရိယာ (ဆိုနာ) များနှင့် ဒုံးကျည်များတွင် အသုံးပြုသည်။
ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ခဲ့သမျှ ခြေရာမခံနိုင်သော F-35 ဘက်စုံသုံးတိုက်လေယာဉ်အားလုံးသည် တရုတ်ထုတ်သတ္တုစပ်ကို အသုံးပြုထားသည်။ သို့သော် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်မှစ၍ F-35 တိုက်လေယာဉ်အသစ်များသည် အမေရိကန်သတ္တုစပ်များကို အစားထိုး အသုံးပြုမည်ဖြစ်သည်။

ထရမ့်အစိုးရက တယ်လီကွန်းလုပ်ငန်းစု Huawei အပေါ် ဖိအားပေးမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် မြေရှားသတ္တများကို အသုံးပြုသည့် ကုန်ပစ္စည်းအချို့ တင်ပို့မှုကို ကန့်သတ်မည်ဟု ၂၀၁၉ ခုနှစ်က ခြိမ်းခြောက်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly